ပညာတော်သင် ခရီးအကြောင်း
အပိုင်း(၁)
ဘဝ၏အနက်အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့်ဆိုကြသည်၊ မိမိ၏ဘဝသည် “မုန့်”တစ်ခုဟု ဖွင့်ဆိုပါလျှင် မိမိသည် ကံကောင်းခြင်းတို့ဖြင့် အစာသွပ်ထားသည့် ဟန်ဘာဂါ မဟုတ်၊ ဆီပူတို့ဖြင့် အထက်နှင့် အောက်ကို အပြန်ပြန်အလှန်လှန်အကြော်ခံရမှ စားပွဲပေါ်ရောက်ရသည့် ဘယာကြော်မျှသာဖြစ်သည်၊ ဘဝဟူသည် “လှေ”တစ်စီးနှင့်တူသည်၊ “သင်က ပဲ့ကိုင်ရှင်၊ သင်သွားချင်သည့်နေရာရောက်အောင် သင်သည်သာ လှော်ခတ်ရမည်” “ဟု အချို့ က ဆိုကြ၏၊ ထိုသို့ ဘဝသည်“လှေ”ဟု ဆိုလျှင် မိမိသည် သွားရမည့်နေရာ မရေရာသောကြောင့် အပင်ပန်းခံလှော်ခတ်မနေပဲ လှေထဲတွင် လှော်တက်ကို ခေါင်းအုံးပြီး အိပ်နေသူဖြစ်သည်၊ ( အကျိုးဆက်ကား မပင်ပန်းပါ၊ အိပ်ရေးဝပါသည်) အချို့ကလည်း ဘဝဟူသည် “ဇာတ်ခုံ”၊ ထိုသို့ဆိုလျှင် မိမိ၏ဇာတ်ခုံသည် ချိုချဉ်ပေးပြီးကြည့်ခိုင်းထားရသည့် ကလေးအနည်းငယ်သာ လာကြည့်သည့် ဇာတ်ခုံတစ်ခုံသာဖြစ်လိမ့်မည်၊ ပရိတ်သတ်အပြည့်ရှိသည့် ဇာတ်ခုံ မဟုတ်၊ ( အကျိုးဆက်ကား ပရိတ်သတ်၏ ဒုက္ခမရှိပါ)၊
အမရပူရမြို့ ၊ မဟာဂန္ဓာရုံကျောင်းတိုက်ဟူသည် ပညာလိုလာသူများအတွက် နတ်ရေကန်ကြီးတစ်ခု ပင်ဖြစ်သည်၊ သို့သော် မိမိကား ရေကြောက်သောကြောင့် မဆင်းမိပါ၊ ထို့ကြောင့် မိမိဘဝသည် ပျော်စရာကောင်းသော်လည်း အောင်မြင်ခြင်း၊ ပြည့်စုံခြင်း၊ ယုံကြည်မှုရှိခြင်းနှင့် တဖြည်းဖြည်းဝေး လာခဲ့သည်၊ “ထမင်းဆီဆန်း ရွှေလင်ပန်း၊ ဆန်ဖွတ်သည့်အဖိုးအို” ကဲသို့ ကလေးအငိုတိပ်စေမည့် မျှော်လင့်ချက်ကလေးမျှသာ မိမိအထံတွင် ရှိနေတော့သည်။
အိပ်မက်ကြောင့် ပန်းတိုင်ပေါ်
စာမတော်၊ ငွေကြေးမပြည့်စုံပဲ နိုင်ငံခြားကို ပညာသင်ထွက်ဖို့ဆိုသည်မှာ ရူးသွပ်မှုတစ်ခုပင်ဖြစ်သည်၊ ထိုကြောင့် နိုင်ငံခြားတွင် ပညာသင်ရန် စိတ်ကူးလဲ မရှိပါ၊ ဘယ်ကြောင့်ဆိုသော် မိမိနှင့် သိပ်အလှမ်း ကွာနေသောကြောင့်ဖြစ်သည်။ ငွေရေးကြေးရေးမှာ ရဟန်းအမတို့မှ ထောက်ပံ့လှူဒါန်းသော်လည်း လိုအပ်သည့် အသုံးအပြင် မလိုအပ်သည့် အသုံးတို့ကြောင့် မိမိလက်ထဲတွင် တစ်နှစ်တွင် ၁၀-လ လောက်က ငွေမရှိသည်သာများသည်၊ ရဟန်းငယ်များကို သနှား၍ ငွေချေးပေးသော ဘုန်းကြီးတစ်ပါး ထံတွင် ဗီဒီယိုကြည့်ရန် (ကျောင်းတိုက်က ခွင့်မပြုသော်လည်း ဝါသနာပါသောကြောင့် ညတိုင်း နီးပါးခိုးကြည့်သည်) ချေးထားသော အကြွေးသည်ပင် မနဲလှ၊ တစ်နေရာမှရလျှင် အကြွေး ဆပ်လိုက်ရ သောကြောင့် တစ်ပြားမှ မသုံးလိုက်သည့်အခါလည်း မနည်းပေ။
ပြောလက်စနှင့်ဆက်ပြောရလျှင် တနေ့တွင် မိမိတို့အဖွဲ့ နှင့်ရင်းနှီးသော ဒကာကြီးနှင့် သူ့တူတော် မောင်တို့ မိမိတို့ကျောင်းတိုက်သို့ ကံဆိုးစွာဖြင့် ရောက်ရှိလာသည်၊ ထိုအချိန်တွင် မိမိတို့တစ်ဖွဲ့လုံးတွင် ငွေရေးကြေးရေးပြတ်လပ်နေချိန်လည်းဖြစ်သည်၊ အခြားသူတို့ထံတွင် ငွေချေးကြည့်သော်လည်း သူတို့တွင် လည်း အဆင်မပြေကြ။
သို့အတွက်ကြောင့် ဧည့်သည်တို့ကို ဘာမှကျွေးစရာ မရှိသောကြောင့် ဘာမှမကျွေးပဲ ပစ်ထား လိုက် သည်၊ ဧည့်သည်တို့မှာလည်း ဗိုက်ဆာသောကြောင့် ထိုင်လိုက်၊ ထလိုက်၊ ရေအိုးစင်တွင် ရေသောက် လိုက်၊ ပြန်အိပ်လိုက်လုပ်နေသည်ကို စိတ်မကောင်းစွာဖြင့်ပင် ထိုင်ကြည့်နေခဲ့ရပါသည်၊ ထိုမြင်ကွင်း ကလေးကို ယခုအချိန်အထိ မမေ့နိုင်ပါ။ ဤအဖြစ်အပျက်မှာ မိမိ၏ ကြွယ်ဝမှုအခြေအနေပင် ဖြစ်သည်၊ ထိုအခြေအနေနှင့် နိုင်ငံခြားပညာသင်ထွက်ရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။
သို့သော် ဘဝဆိုသည်မှာ ပုံသေသွားနေသည်တော့မဟုတ်ပါ၊ ပြောင်းလဲဖို့ရာအတွက် အခြေအနေတို့ ပေါ်ပေါက်လာတတ်ပါသည်၊ အခြေအနေပေါ်ပေါက်လာသည်ဟုဆိုလိုက်သောကြောင့် ငွေရေးကြေး ရေးပြည့်စုံသူက ထောက်ပံ့တာဖြစ်လိမ့်မည်ဟု အထင်တကြီးမတွေးလိုက်ပါနှင့်၊ ဆွမ်းဝအောင်စားနေ သည်ကပင် မိမိအတွက် ကံကောင်းနေလှပါပြီ။
မိမိဘဝကိုပြောင်းလဲစေမည့်အရာမှာ မိမိ၏အိပ်မက်ပင်ဖြစ်သည်၊ ၂၀၀၂ ခုနှစ် အလယ်ပိုင်းလောက်ဖြစ် မည်ထင်သည်၊ မဆီမဆိုင် အိပ်မက်တစ်ခုမက်သည်၊ ထိုအိပ်မက်ထဲတွင် “မိမိသည် နိုင်ငံခြားတက္ကသိုလ်တစ်ခုတွင် (မည်သည့်နိုင်ငံဟု အိပ်မက်တွင် မပါ) တက္ကသိုလ်ကျောင်းသား ဖြစ် နေသည်၊ သူငယ်ချင်းများ ဘတ်စကက်ဘောလ် ကစားနေသည်ကို ဘေးထိုင်ခုံမှ မိမိက ထိုင်ပြီးကြည့် နေသည်၊ သူငယ်ချင်းများက အတူကစားဖို့အတင်းခေါ်နေသော်လည်း မိမိက သင်္ကန်းကြီး ဖိုးရိုးဖားယား နှင့်မှို့ ဝင်မဆော့ဖြစ်ပါ”၊ အိပ်မက်မှာ ထိုမျှသာဖြစ်သည်၊ ကြာမြင့်ချိန် ၂-မိနစ်ခန့် သာဖြစ်သည်။
အိပ်ယာမှနိုးသည့်အခါ နိုင်ငံခြားတွင် တက္ကသိုလ်ကျောင်းသာမဟုတ်တော့ပါ၊ စာမေးပွဲတဘုန်းဘုန်းကျ သော ကြွေးမြီးသိပ်မပြတ်သည့် ရဟန်းတစ်ပါးဖြစ်နေသည်၊ သို့သော် ထိုအိပ်မက်ကလေးကို သဘော ကျသည်၊ ပိုက်ဆံဖြင့်ဝယ်လို့ရလျှင် ငွေချေးပြီး ထပ်ဝယ်ဖြစ်လောက်သည်၊ ထိုအိပ်မက်ကြောင့် ပျော်သွားသည်၊မိမိ၏ အပျော်သည် တစ်မနက်မဟုတ်ပါ၊ တစ်ရက်မဟုတ်ပါ၊ တစ်လမဟုတ်ပါ၊ တစ်နှစ်မဟုတ်ပါ၊ “ ငါက အိပ်မက်ထဲမှာ တက္ကသိုလ်ကျောင်းသားကြီး” ဟု တွေးလိုက်တိုင်း ပျော်သည်၊ ပျော်သောကြောင့် ရင်းနီးသည့်သူများကိုလည်း ပြောမိသည်၊ နှုတ်မှ ဘာမှမှတ်ချက်မပေးကြပါ၊ သို့သော် စိတ်ထဲမှ “ဒီဦးဇင်းတော့ ပေါက်သွားပြီ”ဟုများ တွေးကြလေမလားမသိ။
ထိုအိမ်မက်လေးကြောင့် စာနဲနဲကျက်ဖြစ်လာသည်၊ အိပ်ချိန်နှင့်လ္ဘက်ရည်ဆိုင်ထိုင်ချိန်တို့မှ အချိန်ကို နှမျောတောတောနှင့် စာကြည့်ဖို့ရာ ဖဲ့ပေးခဲ့သည်၊ သို့အတွက်ကြောင့် ၂၀၀၃ ခုနှစ်တွင် “အနောက်တိုင်းမှ ဗုဒ္ဓဝါဒဆိုင်ရာအမေးအဖြေများ” ဘာသာပြန်စာအုပ်တစ်အုပ် ထုတ်ဝေခဲ့သည်၊ ခဏအတွင်းမှာပင် ထိုစာအုပ်ကလေးရောင်းကုန်သွားခဲ့သည်၊ ဒုတိယအကြိမ် ထပ်မံထုတ်ဝေခဲ့သည်၊ အချိန်တအား ကြီးတော့ မကြာလိုက်ပါ၊ ဒုတိယအကြိမ် စာအုပ်လဲ ကုန်သွားပါသည်၊ “ဘယ်ဆိုးလို့လဲ ….တော်သားပဲ”စသည်ဖြင့် မိမိဘဝနှင့်ရန်ဖြစ်ထားသလို မိမိမကြားဘူးသေးသော စကားလုံးများ မိမိကြားခဲ့ရသည်၊ ထို့ကြောင့် စာကြည့်ချိန်လေးကို ပိုပြီးပေးဖြစ်ခဲ့သည်။
စာအုပ် ဒုတိယအကြိမ်ရိုက်နှိပ်ပြီးချိန်တွင် စာအုပ်ဆိုင်မှ ငွေရှင်းသည့်အခါ မိမိလက်ထဲတွင် ငွေကြေး အနည်းငယ်ရှိလာသည်၊ နိုင်ငံခြားတွင် ကျောင်းတက်ချင်သည့်မိမိအတွက် ဒေါ်လာလိုအပ်လေသည်၊ ထိုအခါ ကျောင်းတိုက်ထဲတွင် ထမင်းတောင်းသည့်ကလေးများ(နိုင်ငံခြားသားပေးသောကြောင့် ဒေါ်လာရှိတတ်သည်)နှင့် ဦးပိန်တံတားတွင် ကျောက်ပုတီးစ သည်လက်ဆောင်ပစ္စည်းတို့ရောင်းသော ကလေးများထံမှ ဒေါ်လာ ၁-ဒေါ်လာတန်းများ ကို ဝယ်စုသည်၊ မိမိမှာ မသိမသာ ဒေါ်လာကိုင် လူတန်းစားထဲတွင် ရောက်ရှိနေလေပြီ၊ သို့သော် ပိုက်ဆံမရှိသောကြောင့် ဒေါ်လာတစ်ကျပ်နှစ် ကျပ်လာရောင်းသော ကလေးများကို ပြန်လွှတ် လိုက်ရ သည့်အခါလည်း မနဲပေ။
သို့နှင့် ၂၀၀၆ သို့ရောက်သည့်အခါ မိမိလက်ထဲတွင် ဒေါ်လာ (၃၀၀)ခန့် စုမိပြီး ကျန်သည့် ငွေကို မိဘထံမှအလှူခံပြီး ဒေါ်လာ ၁၂၀၀ ခန့်ရှိသောအခါ သီရိလင်္ကာတွင် တက္ကသိုလ်တက်ရန် ပြင်ဆင်လေပြီ၊ ဒေါ်လာ ၁၂၀၀ မှာ လေယာဉ်စရိတ်နှင့် တက္ကသိုလ်တတ်ရန်တစ်နှစ်စာအတွက်သာ လောက်သည်၊ နေစရိတ်နှင့်စားစရိတ်ပါထည့် တွက်လျှင် မလောက်ပါ၊ မလောက်သည့်အတွက် စိတ်ရှုပ်ခံပြီး ထည့်တွက်မနေတော့ပါ၊ ကျောင်းတက်နေရင်း မလောက်သည့်အတွက် “ဓါးပြဖြစ်လျှင်လည်း တိုက်မည်၊ သူတောင်းစားဖြစ် ဖြစ်မည်ဆိုလျှင်လည်း တောင်းမည်”ဟူသော ဆုံးဖြတ်ချက်ဖြင့် ပတ်စ်ပို့လုပ်ပြီးသီရိလင်္ကာသို့ တက္ကသိုလ်တက်ရန် ထွက်လာခဲ့သည်၊ ရန်ကုန်ရောက် သည့်အခါ မိမိအခြေအနေကို သိသော ရဟန်းမယ် တော်မိသားစုမှ ဒေါ်လာ ၁၀၀၀ လှူသောကြောင့် လူတန်းစေ့သူတန်စေ့ ကျောင်းသွားတက်နိုင် လေသည်။
အိပ်မက်ကလေးကြောင့် အိပ်မက်ထဲက တက္ကသိုလ်ကျောင်းသားမှ တကယ်တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့သည်၊ ကိုယ်ဖြစ်ချင်တာကို တစိုက်မတ်မတ်လုပ်ရင်း ဖြစ်နိုင်ခြေ ရှိသည့်အခွင့်အရေးများ ကိုလည်း တပြိုင်နက်စုစည်းခဲ့ပါ၊ တနေ့တော့သင့်အိပ်မက် အကောင်ထည်ပေါ်လာပါလိမ့်မည်။
ပညာတော်သင်ခရီး အပိုင်း (၂)
ကောလိပ်တွင် ဆရာအား စိန်ခေါ်ခြင်း
၂၀၀၆၊ နိုဝင်ဘာလတွင် သီရိလင်္ကာသို့ ပညာသင်ထွက်ရန် ပြင်ဆင်ပြီ၊ မထွက်ခင် ကိုယ်ရည် ကိုယ်သွေးတို့ကို ပြန်လည် ဆန်းစစ်ကြည့်သည်။
အင်္ဂလိပ်စာအတွေ့အကြုံမှာ………..
1. ဘာသာပြန်တစ်အုပ် ရေးသား ထုတ်ဝေပြီး…….
2. Mahagandhayum Monastery and Its History ဟူသော အင်္ဂလိပ် စာအုပ်တစ် အုပ်ရေးဖူးပြီး
(သို့သော် အင်္ဂလိပ်စာကျွမ်းကျင်သည့်ဘုန်းကြီးတစ်ပါးမှ ”စာအုပ်ထုတ်ဝေလောက်အောင် အဆင့်မှီသည့်အင်္ဂလိပ်စာမဟုတ်” ဟု ဆိုသောကြောင့် စာအုပ်မထုတ်ဖြစ်ခဲ့)……
3. အင်္ဂလိပ်စကားပြောစွမ်းရည်မှာ အမှားတစ်ဝက်၊ အမှန်တစ်ဝက်နှင့် ခပ်သွက်သွက် ကလေး တော့ ပြောတတ်….
4. နိုင်ငံခြားအတွေ့အကြုံမှာ တစ်စက်မျှ မရှိ ( ဗီဒီယိုထဲ၌သာမြင်ဖူး)
5. စိုးရိမ်စိတ်…….တစ်စက်မှမရှိ
( တက္ကသိုလ်တက်ချင်စိတ်တို့သည်သာ လွှမ်းမိုးနေသောကြောင့် ဖြစ်သည်)
ဤသို့ဖြင့် အမရပူရမြို့ ထဲကိုပင် တစ်ပါးတည်းမသွားသော မိမိသည် သီရိလင်္ကာကို ပညာသင်ရန် တစ်ပါးတည်း ထွက်လာခဲ့သည်၊ ရန်ကုန်မှ ထိုင်းနိုင်ငံသို့ TG လေကြောင်းလိုင်းဖြင့် မနက်ခင်းတွင် ထွက်လာခဲ့သည်၊ လေယာဉ်ပေါ်တွင် အားလုံးသန့်ပြန့်နေသည်၊ ခရီးသည်များ၊ လေယာဉ်မယ်များ၊ အသုံးအဆောင်များ အားလုံး သစ်လွင်တောက်ပနေသည်၊ မိမိစီးနေကြ မန္ကလေး-စစ်ကိုင်း လိုင်းကားများကဲ့သို့ မဟုတ်၊ မိမိအတွက်မှာ အားလုံး အထူးအဆန်းချည်းသာ ဖြစ်သည်။
လေယာဉ်ထွက်သည့်အခါ အများနည်းတူ ခါးပါတ်ပတ်သည်၊ အခြားသူများ ခါးပတ်များဖြုတ်သည့်အခါ မိမိလည်းဖြုတ်သည်၊ ဖြုတ်၍မရ၊ ထပ်ကြိုးစားကြည့်သည်၊ မရ၊ နည်းမျိုးစုံဖြင့် ကြိုးစားကြည့်သည် မရ၊ လေယဉ်ကသာ သစ်တာ ခါးပါတ်က အစုတ်ကြီးဆိုတာကို သိလိုက်သည်၊ ထို့ကြောင့် လေယဉ်မယ်ကို လှန်းခေါ်လိုက်ပြီး “ ဒီမှာ…. မင်းတို့ခါးပတ်က ပျက်နေတယ်ထင်တယ်…ဖြုတ်လို့မရဘူး” ဟု ပြောလိုက် သည့်အခါ လေယဉ်မယ်က ပြုံးပြီး လာဖြုတ်ပေးသည်၊ သူဖြုတ်ပေးတော့လည်း လွယ်လွယ်လေး၊ ခါးပတ်ခေါင်းကို အသာလေး ဆွဲလှန်လိုက်ရုံသာ ဖြစ်သည်။
သုဝဏ္ဏဘူမိလေဆိပ်တွင် အားလုံးမှာ တောက်ပြောင်ပြီး လှပနေသည်၊ မိမိဆွမ်းခံကြွနေသော ရွာမှရူခင်း နှင့်မတူပါ၊ အသက်ကြီးငယ်မရွေး သန့်သန့်ပြန့်ပြန့်နှင့် ကြည့်ကောင်းနေသည်၊ မြင်မြင်သမျှ သက်ရှိသက်မဲ့ အရာဝတ္ထုတို့သည် တောက်ပြောင် သန်ု့ရှင်းနေလေသည်၊ “နတ်ပြည်ဆိုတာ ဒါမျိုးလားမသိဘူး”ဟု တွေးလိုက်မိသည်၊ “ဒေါင်းကြားထဲရောက်နေတဲ့ ကျီးကန်းလိုများ ဖြစ်နေ ပြီလားမသိဘူး” ဟုတွေးပြီး ကိုယ့်ကိုယ်ကိုလည်း အားငယ်မိသွားသည်၊ သန့်စင်ခန်းထဲမှ မှန်ထဲတွင် ကိုယ့်ကိုယ်ကို လှန်းကြည့်မိလိုက်သည်၊ “ဟာ..ငါလည်း သန့်ပြန့်နေပါလား”ဟု တွေးလိုက်မိသည်၊ ထိုနောက် လေဆိပ်ထဲတွင် ထွန်းထားသော မီးများကြောင့် အားလုံးကြည့်ကောင်းနေသည်ကို သဘော ပေါက်လိုက်သည်။
သန့်စင်ခန်းရှိဘေစင်တွင် ရေဖွင့်မရသော ပြဿနာကြုံရပြန်သည်၊ ရေခေါင်းကို မသည်၊ ဖိသည်၊ ဘေးသို့ တွန်းသည်၊လှည့်ဖွင့်သည်၊ သို့သော် ရေမထွက်၊ တတ်သည့်ပညာလည်း ကုန်ပြီ၊ မြန်မာနိုင်ငံဆို လျှင် အော်… ရေပြတ်နေလို့ဟု တွေးမိမှာအမှန်၊ သို့သော် လေဆိပ်အသစ်ကြီးမှာ ရေပြတ်သည်က တော့ မဖြစ်နိုင်၊ ထိုအချိန်တွင် လေယဉ်ပေါ်မှာ အတူပါလာသည့် စိန်နှင့်မြမွေ့ရာမှ ဒကာကြီးမှ “ဦးဇင်း ရေဖွင့်မရလို့လား” မေးသောကြောင့် “ဟုတ်တယ် ဒကာကြီး” ပြောလိုက်ရာ “လက်ကို ရေခေါင်းရှေ့နား ကပ်ထားလိုက်ဘုရား” ဟု ပြောပြလေသည်၊ ဟုတ်ပါသည်၊ ရေထွက်လာပါပြီ၊ ရေခေါင်းတွင် လက်အရိပ်ကိုဖမ်း သည့်ဆင်ဆာတတ်ထားသည်၊ လက်ဆေးသည့်အခါ အလိုအလျှောက် ရေထွက် လာပြီး လက်ရုပ်လိုက် သည့်အခါ အလိုအလျောက် ရေပြန်ပိတ်သွားသည့် စနစ်ဖြစ်သည်၊ မလိုအပ်ပဲ မကုန်စေရန် ရေကို ချွေတာသော စနစ်ဖြစ်သည်၊ ဥရောပမှ နိုင်ငံခြားသားတစ် ယောက်လည်း ရေဖွင့်မရ၍ ဒုက္ခရောက် နေချိန် မိမိရောက်သွားသည့်အခါ လက်ကိုရေခေါင်းနား ကပ်ထားဖို့ ပြောလိုက်ရာ သူလည်း ရေဖွင့်၍ ရသွား သည်၊ “ကျေးဇူးတင်ပါတယ်”ဟု အထင်ကြီးသော လေသံဖြင့် ပြောသွားသည်၊ မိမိမှာ သဘောအကျကြီးကျ၍ ကျန်ရစ်ခဲ့လေသည်။
ည (၁၀) နာရီလေယာဉ်ဖြစ်၍ ၉ -နာရီဝန်းကျင်တွင် သီရိလင်္ကာကိုသွားမည့်ဂိတ်နံပါတ်တွင် သီရိလင်္ကာ ကိုသွားမည့် ခရီးသည်များ တဖြည်းဖြည်းစုလာကြသည်။ ဆန်ကာဖြင့် ဆန်များကို ချလိုက်သလို အသားမဲသည့် ခရီးသည်များ ထိုဂိတ်တွင်လာစုသလို စိတ်ထဲခံစားလိုက်မိသည်။ သီရိလင်္ကာလူမျိုးဘုန်းကြီးတစ်ပါးနှင့် မိတ်ဖွဲ့ပြီး စကားပြောဖြစ်သည်၊ ရာခိုင်နှုန်း (၆၀)လောက်က နားမလည်ပါ၊ ပါဠိလိုရော အင်္ဂလိပ်လိုရော ၂-ဘာသာကို ရောထွေးပြောမှ တစ်ပါးနှင့်တစ်ပါး ပိုပြီး နားလည်တော့သည်၊ “အင်း…ငါ့အင်္ဂလိပ်စာအနေအထားနဲ့ တက္ကသိုလ်တက်ရင် ဘာတွေများ ဖြစ်အုံးမလဲ မသိဘူး” ဟု စိုးရိမ်စိတ်အနည်းငယ်ပါ သော အတွေးဝင်မိလိုက်သည်။
သီရိလင်္ကာသို့ ည သန်းခေါင်ကျော်ကျော် ရောက်သည်၊ လေဆိပ်နှင့်ကိုလံဘိုမြို့ရှိ မြန်မာကျောင်းမှာ (၃၆ ) ကီလိုမီတာခန့် ဝေး၏၊ ၁နာရီခွဲ နာရီ နီးပါးမောင်းရသည်၊ နံနက် (၂) နာရီကျော် လျှင် သီရိလင်္ကာနိုင်ငံ ကိုလံဘို(၀၉) ရှိ မကုဋာရာမ မြန်မာကျောင်းသို့ ရောက်သည်။
ထိုအချိန် သီရိလင်္ကာနိုင်ငံတွင် စုစုပေါင်းမြန်မာသံဃာများမှာ ၁၅၀-ကျော်ရှိလေသည်၊ မကုဋာရာမတွင် ၅၀ ကျော် ၆၀ ခန့် ရှိမည် ထင်သည်၊ သံဃာများမှာ တက်ကြွနေသည်၊ လွတ်လပ်ပေါ့ပါး နေသည်၊ ဖျတ်လပ် နေသည်၊ စကားပြောကြည့်သည့်အခါ အတွေးအခေါ်ပါသော စကားများစွာကို ကြားရသည်၊ သူတို့၏ အတွေးအခေါ်တွင် ကြောက်ရွံ့ မှု၊ အားနာမှု၊ တစ်စုံတစ်ရာကို အထင်ကြီးမှုကို အခြေခံသည့် အတွေး အခေါ်မျိုး သိပ်မတွေ့ရ၊ ထင်မြင်ချက်ကို သေသေသပ်သပ်နှင့် တင်ပြကြသည်ကိုလည်း တွေ့ရသည်၊ ငါ..ဒီကိုလာတာ မှန်သွားပြီ…ဟု စိတ်ထဲမှာ တစ်ထစ်ချ ဆုံးဖြတ်ချက်ချလိုက်သည်။
အချို့သံဃာများမှာ ပျော်ပျော်နေတတ်သော သံဃာများကိုလည်း တွေ့ရသည်၊ တစ်ပါးနှင့် တစ်ပါး စလိုက် နောက်လိုက်၊ လွပ်လပ်မှုအပြည့်နှင့်ရယ်လိုက်မောလိုက်မှို့ မိမိပင်ပျော်သွားသည်၊ အချို့ မှာ လူရှင်းသည့် နေရာတွင် စာကို တကုတ်ကုတ်ကျက်နေသော သံဃာများကိုလည်း တွေ့ရသည်၊ အချို့ မှာ အချက်အပြုတ်ဝါသနာ ပါကြသည်၊ ချက်ပြုတ်ရာတွင် တော်ကြသည်၊ မိမိမှာ အချက်အပြုတ် ဝါသနာ မပါ၊ အချက်အပြုတ်မှာ လုံးလုံးမချက်တတ်၊ သို့သော် စားသောက်ရာတွင် တော်သည်၊ ထို့ကြောင့် ထိုသံဃာတို့နှင့် မိတ်ဆွေအမြန် ဖြစ်လေသည်။
မိမိမှာ ရောက်စမှို့ မျက်စိသူငယ် နားသူငယ်သာမက ပါးစပ်သူငယ်၊ နှာခေါင်းသူငယ်၊ လျှာသူငယ်များ အထိပင် ဖြစ်လေသည်။
နောက်နေ့တွင် ပထမဆုံးလုပ်သည့်အလုပ်မှာ အသိဘုန်းကြီးတစ်ပါးထံမှ ဟန်းဆက်အဟောင်း တစ်လုံးဝယ်ခြင်းဖြစ်သည်၊ သီရိလင်္ကာရူပီး (၄၀၀၀) မြန်မာငွေ (၄၀,၀၀၀) လေးသောင်းကျပ်၊ ဆင်းမ်ကဒ် ရူပီး(၇၀၀) မြန်မာငွေ(၇၀၀၀) ကျပ်၊ စုစုပေါင်း မြန်မာငွေ ၄-သောင်း ရ-ထောင်ကျပ်ဆိုလျှင် ဟန်းဖုန်းတစ်လုံး ကိုင်နိုင်သည်၊ ဟန်းဖုန်းရသည့်အချိန်တွင် ဂုဏ်ယူသည့်အပျော်မှာ “ငါ လူဖြစ်ရကျိုး နပ်ပြီ” ဟုပင် တွေးမိသည်၊ ဟန်းဆက်အဟောင်းကလေးကို ဖုန်သုတ်လိုက်၊ ဂျီးသုတ်လိုက်နှင့် တသသလုပ်နေမိသည်၊ မိဘများ၊ ရဟန်းမယ်တော်များ၊ သူငယ်ချင်းများထံ စာရေး၍ မိမိဟန်းဖုန်း နံပါတ်ကို ထည့်ပေးပြီး မသိမသာ တစ်မျိုး သိသိသာသာတစ်မျိုး ကြွားလေသည်၊ ကြွားလည်း ကြွားထိုက်သည်၊ ထိုအချိန်တွင် မြန်မာနိုင်ငံမှာ ဟန်းဖုန်းတစ်လုံး၏ တန်ဖိုးမှာ သိန်း (၃၀)ကျော်ပြီး ဟန်းဖုန်းကိုင်သည့်သူကို ထိုင်ပြီးမရှိခိုးရုံတမယ် အထင်ကြီးကြနေသည့် အချိန်လည်းဖြစ်သည်။
မိမိရောက်သည့်အချိန်မှာ နိုဝင်ဘာလဖြစ်၍ တက္ကသိုလ်တို့တွင် ကျောင်းသားသစ်များကို လက်မခံ သေး၊ ဖေဖဝါရီလကုန်ဝန်းကျင်မှသာ စတင်လက်ခံသည်၊ ထို့ကြောင့် မိမိကို သီရိလင်္ကာကို လှမ်းခေါ်သည့် ဦးအဂ္ဂိဿရ( ယခု ကျားကူးကျောင်းတိုက်တွင် နာယက၊ စာချဆရာတော်) မှ ကောလိပ်တစ်ခု (Royal Colleage) တွင် တက်နေရန် အကြံပေးသည်၊ ရူပီး (၇၀၀၀) ဟုထင်သည်၊ ၃-လ သင်ရိုး၊ 4-skills အတွက်ဖြစ်သည်။ တက်သင့်သည်၊ အကြောင်းမှာ သီရိလင်္ကာလူမျိုးတို့ပြောသော အင်္ဂလိပ်မှာ သီရိလင်္ကာ လေယူလေသိမ်းဖြစ်သည်၊ နားလည်ရန် မလွယ်၊ သီရိလင်္ကာလူမျိုးတို့ အင်္ဂလိပ်စကားပြောသောအခါ မိမိစိတ်ထဲ အင်္ဂလိပ်လိုပြောသည် ဟု မထင်၊ သူတို့ ဘာသာစကား ဆင်ဟာလီဘာသာစကားကိုသာ ပြောနေသည်ဟု ထင်နေသည်။
မြန်မာလေယူလေသိမ်းဖြင့် အင်္ဂလိပ် စကားပြောလျှင် မြန်မာ့အစားအစာကိုစွဲ၍ ထိုသူကို “ငါးပိသံဖြင့် ပြောသည်” ဟု ပြောကြသည်၊ သီရိလင်္ကာလူမျိုးတို့မှာလည်း အိမ်တိုင်း နေရာတိုင်းမှာ အုန်းသီးထောင်းနှင့် ပဲ ပါသောကြောင့် သူတို့လေယူလေသိမ်းကို “အုန်း-ပဲ”သံဖြင့်ပြောသည်ဟု ဆိုရလိမ့်မည်။ ထို အုန်း-ပဲသံကို နားလည်ဖို့ ကောလိပ်တစ်ခုကို သူငယ်ချင်းတစ်ပါး၊ ဦးပညာနန္ဒ (ယခုအမေရိကားတွင် ဦးမင်းအောင်)နှင့် အတူ တက်လေသည်။ သို့သော် ထိုကောလိပ်တွင် Placement test နှင့်အတန်းခွဲသောကြောင့် မိမိနှင့် သူ၏ အတန်းကား မတူပါ။
ပညာတော်သင်ခရီး အပိုင်း (၃)
မိမိတက်ရသည့်အခန်းတွင် ကမ္ဘောဒီးယားဘုန်းကြီးတစ်ပါး၊ မြန်မာမှာ မိမိတစ်ပါး၊ အခြား ကိုးရီးယား ကျောင်းသား၂-ယောက်နှင့် ကျန်သည့်ကျောင်းသူကျောင်းသားများမှာ သီရိလင်္ကာနိုင်ငံသား များသာဖြစ်ကြသည်။ စုစုပေါင်း (၂၅) ယောက်ခန့်ရှိသည်၊ ကျောင်းသား (၆)ယောက်သာရှိပြီး ကျန်သည့် သူများမှာ ကျောင်းသူချည်းသာဖြစ်သည်၊ ဆရာရှင်းပြသည့်အခါ ကျောက်သင်ပုန်းဘက်သို့ လှည့်ပြီး သင်ရသည့်အခါရှိသလို အုပ်စုဖွဲ့ပြီး ဆွေးနွေးရသည့်အခါလည်း ရှိသည်၊ လူဝတ်ကြောင် ကျောင်းသူကျောင်းသားများ နှင့်ရောနှောပြီးတစ်ခါမှ မသင်ဖူးသောကြောင့် ရှက်သလိုလို ကြောက် သလိုလို၊ ရေသောက် ချင်သလိုလို၊ ထမင်းစားချင်သလိုလို ဖြစ်နေသည်၊ ထို့ကြောင့် မိမိသည် အတန်း ထဲတွင် တက်ကြွသော ကျောင်းသားတစ်ယောက်မဟုတ်ဘဲ တစ်လုံးမေးလျှင် တစ်လုံးဖြေသော အဆင့် လောက် သာရှိသည်။
ပထမရက် သင်တန်းပြီးသည့်အခါ သူငယ်ချင်း ကမ္ဘောဒီးယားဘုန်းကြီးက သင်တန်းပြီးသွားသည့်အခါ ဆရာကို “ စောစောက စာသင်တာ အင်္ဂလိပ်လိုပြောတာလား၊ ဆင်ဟာလိလိုပြောတာလား” ဟုမေးလိုက်သည်၊ ဆရာက “အင်္ဂလိပ်လိုပြောတာ” ဟုဖြေလျှင် “ဟုတ်လို့လား ဦးဇင်းတော့ ဘာမှနား မလည်ဘူး၊ မဟုတ်လောက်ဘူးထင်တယ်” ဟု သူငယ်ချင်းမှပြောလိုက်သည်၊ ထို့နောက် သူငယ်ချင်းမှ White board Marker ယူပြီး ကျောက်သင်ပုံးတွင် စာလုံးတစ်လုံးရေးလိုက်သည်၊ “ဒါကို အသံထွက်ပြပါ” ဟုပြောလိုက်သည်၊ ဆရာကလည်း အသံထွက်ပြသည်၊ “သင့် အသံထွက်က မှားနေတယ်၊ ဒါကြောင့် ငါတို့ နားမလည်တာကိုး” ဟုပြောပြီး Electronic Dictionary ထုတ်ပြီးအသံထွက်ကို ဖွင့်ပြသည်။
ဆရာကလည်း သူက British Councel မှသင်တန်းဆင်းဖြစ်ကြောင်း၊ သူ့အသံထွက် မမှားကြောင်းနှင့် နောက် တဖြည်းဖြည်း နားလည်လာဖြစ်ကြောင်းကို ရှင်းပြပြီး အသေးစား ငြင်းခုံပွဲလေးကို ရုပ်သိမ်း လိုက်သည်၊ မိမိအံ့သြသွားသည်၊ သူသတ္တိရှိလှပါလား၊ ဆရာကို မှားနေတယ် ဟုပြောရဲသည်၊ မိမိမှာ မိမိကိုမေးသော မေးခွန်းကိုသာဖြေသောကြောင့် ၃-နာရီအတွင်း မိမိပြောသည်မှာ ဝါကျ ၅၀-ပင် ပြည့်အံ့မထင်။ မိမိသာမက မြန်မာအများစုမှာ သတ္တိနည်းကြသည်၊ ကြောက်ကြသည်၊ သိနေသည့် အရာ၊ ပြောချင်သည့် အရာကို မပြောရဲကြ၊ မှားမှာကို ကြောက်ကြသည်၊ အခြားကျောင်းသားများ ကဲ့ရဲ့မည်ကို ကြောက်ကြသည်။
မြန်မာများကြောက်ရခြင်းအကြောင်းမှာ……..
* မိဘများနှင့်နေစဉ် မိဘများကို ကြောက်ရသည်
* ကျောင်းရောက်လျှင် ဆရာဆရာမများကို ကြောက် ရသည်
*ဘုန်းကြီးကျောင်း ရောက်လျှင် ဆရာဘုန်းကြီးများကို ကြောက်ရသည်
* လုပ်ငန်းခွင်ရောက်လျှင် အထက်အရာရှိကို ကြောက်ရသည်
အချိန်ပြည့် ကြောက်နေရသလိုဖြစ်နေသည်၊ ထို့အပြင် မိမိတို့ဘဝတွင် စိတ်ဓာတ်ကိုခွန် အားရစေမည့် စကားမျိုးကို မိမိတို့ ပတ်ဝန်းကျင် ရဖို့ရာ မလွယ်ကူပါ၊ ထိုကြောင့် သတ္တိတို့ခန်း ချောက်လာကြခြင်းဖြစ်သည်။
ဒုတိယနေ့တွင် ပိုပြီး နားလည်လာသည်၊ မိမိအမူအယာမှာ အေးတိအေးစက်၊ တစ်လုံးမေး တစ်လုံးဖြေ ပင်ဖြစ်သည်၊ မျက်နှာမှာလည်း ၈-ခေါက်ချိုး ၉ -ခေါက်ချိုးလောက်တော့ ရှိမည်ထင်သည်၊ အတန်းထဲ တွင်လည်း ကမ္ဘောဒီးယားဘုန်းကြီးကလွဲ၍ သူငယ်ချင်းမရှိပါ၊ တတိယနေ့တွင် ဆရာအသစ် ပြောင်းသည်၊ ပထမဆရာသည် အပြောပိုင်းကို ဦးစားပေး သည်၊ ဒုတိယဆရာသည် ဂရမ္မာကိုအားသန် သည်၊ ဂရမ္မာကို ဦးစားပေးသည်၊ စာမျက်နှာ (၄)မျက်နှာပါ ရုပ်ပုံများ၊ ဝါကျများနှင့် ကွက်လပ်များဖြည့် ရန် စာရွက်တစ်ရွက် လာပေးသည်၊ မိမိဖတ်ကြည့်လိုက်သည့်အခါ အင်မတန်လွယ်ပြီး ကလေးကလား စာများဖြစ်သောကြောင့် ကွက်လပ်များမဖြည့်ပဲ ဘေးနားချထားပြီး ဆရာ၏ လေယူလေသိမ်းကိုပဲ အာရုံစိုက် နားထောင်နေသည်။
ခဏကြာသည့်အခါ ဆရာမှ ဘောလ်ပင်ကိုင်ပြီး စောစောက ပေးထားသည့် စာရွက်ကိုလိုက်ကြည့်ပြီး အမှတ် ခြစ်ပေးနေသည်၊ မိမိစာရွက်မှာ ဘာမှရေးမထား သောကြောင့် ကွက်လပ်ဖြစ်နေသည်၊ “ဘာလို့ ကွက်လပ်တွေ မဖြည့်တာလဲ ဖြည့်ပါ” ဟု ဆရာမှ ပြောသည်၊ “ဦးဇင်းအားလုံး ရနေလို့ မဖြည့်တော့ဘူး” ဟုပြောလိုက်သည်၊ သူက “ဖြည့်ပါ”ဟုဆိုသောကြောင့် တစ်မျက်နှာဖြည့်ခိုင်းသည်ကို လေးမျက်နှာ စလုံးဖြည့်ပြီး ဘေးနားတွင် ချထားကာ သူပြောသည့် အင်္ဂလိပ်အသံကိုပဲ စူးစိုက်စွာ နားထောင် နေ သည်၊ ခဏကြာ မိမိအနားသို့ပြန်ရောက်လာပြီး မိမိရေးထားသည့် စာရွက်ကိုကြည့်ပြီး “အမှားတွေ” ဟု ပြောပြီး စာရွက်ကို စာပွဲပေါ်သို့ ပစ်ချပြီး ကျောက်သင်ပုန်းနားသို့ ပြန်သွားသည်။
ဆရာအမူအရာနှင့် အပြောအဆိုကြောင့် ဒေါသထွက်သွားသည်၊ ထွက်သည်မှ ရိုးရိုးထွက်သည်မဟုတ်၊ ပေါက်ကွဲထွက်သွားသည်၊ Excuse me! ဟုဆရာကို ပြန်ခေါ်ပြီး ဒေါသကြောင့် အသံမှာ အနည်းငယ်တုန်နေပြီး ကျယ်နေသည်၊ “ ဘယ်နေရာမှာ မှားနေတာလဲ ပြောပါအုံး” ဟုမေးလိုက်သည်။ “ ဒီမှာ မှားနေတာ” “ ဒီလိုရေးရတယ်”ဟု ဆိုတာ ရှေ့က ကောင်မလေးတစ်ယောက်စာရွက်ကို ယူပြီး မိမိကို ပြသည်။ သူ့ဝါကျအားလုံးမှာ simple sentences များဖြစ်သည်၊ မိမိမှာ simple sentencesများရေးလျှင် ကလေးဆန်မှာစိုးသောကြောင့် complexed sentences ရေးလိုက်သည်။ မိမိဝါကျများမှာ Principle clauses များဖြင့် တည်ဆောက်ထားသည်။
စာရွက်ကိုပြပြီး ပြန်လှည့်သွားမည်လုပ်နေသော ဆရာကို “နေပါအုံး…မင်း ဂရမ္မာ ဘယ်လောက်နား လည်လို့တုံး” “သူရေးထားတာတွေက simple sentences တွေနဲ့ရေးထားတာ” “ အဲဒါကလေးကလား ဝါကျတွေ၊ ငါ့ ဝါကျအားလုံးက Principle clauses နဲ့ ရေးထားတာ” “ မင်း Principle clauses အကြောင်း ကိုနားလည်ရဲ့လား” မေးသည့်အခါ ထိုဆရာ မဖြေတော့၊ မိမိမှာ ဒေါသထွက်နေသော ကြောင့် ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်တော့၊ အရင်နေ့တွေတုံးကလို အေးတိအေးစက်မဟုတ်တော့၊ ခုအချိန်မှာ ပူတိပူစက်ဖြစ်သွားပြီ၊ မိမိစကားသံကြောင့် အခန်းတစ်ခုလုံးလည်း ငြိမ်ကျနေသည်၊ အားလုံးသော မျက်လုံးအစုံတို့သည် မိမိနှင့် သင်တန်းဆရာတို့ထံသို့ရောက်နေသည်။
မိမိ ဆက်ပြောသည် “မင်းတို့လောက် အင်္ဂလိပ်စကားပြော မကျွမ်းကျင်ဘူးဆိုတာ ငါဝန်ခံတယ်၊ ဒါပေမဲ့ ခု မင်းကိုင်တားတဲ့ Intermediate Grammar တစ်အုပ်လုံး ငါအလွတ် ကျက်ထားတာ၊ ဂရမ္မာက မင်းထက် အများကြီး နားလည်တယ်” ဟုပြောချလိုက်သည်၊ “ဒါ မင်းစာသင်ချိန်မှိုလို့ ငါ ဆက်မပြောချင်ဘူး၊ စာသင်ပြီးရင် ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ဆွေးနွေးမယ်၊ “မှားတယ်” ဆိုတဲ့ စကားကို မင်းတာဝန်ယူရမယ်၊ သွားတော့…” ဟု ပြောလိုက်သည်။
ဆွေးနွေးဖို့ရာ လည်း မကြောက်ပါ၊ မိမိမဟာဂန္ဓာရုံမှာနေစဉ် အင်္ဂလိပ်လိုရေးတတ်ချင်သောကြောင့် Heinman Intermediate Grammar ၏ စည်းမျဉ်း တစ်အုပ်လုံးကို အလွတ် ကျက်ဖူးသည်၊ အခန်း (၁၈၀) ရှိရာ သုံးလကျက်လျှင် အကုန်ရသွားသည်၊ မေ့သွားမည် စိုးသောကြောင့် တစ်ညလျှင် အခန်း (၃၀) စီ အလွတ်ပြန်နေလေသည်၊ သီရိလင်္ကာရောက်တော့လည်း ဆက်လက်အလွတ်ပြန်နေခဲ့ သေးသည်။
သီရိလင်္ကာတွင် ဆရာကို အင်မတန်လေးစားပြီး ချစ်ကြသည်၊ ဆရာကို စိန်ခေါ်ဖို့ဆိုတာ သူတို့ အတွက် အထူးအဆန်းဖြစ်နေသည်၊ ဆရာလည်း တပည့်တစ်ယောက်မှ စိန်ခေါ်ခံရသောကြောင့် ရှက်လည်း ရှက်၊ ဒေါသလည်း ထွက်နေပုံရသည်၊ မိမိကလည်း လုံးဝဂရုမစိုက်သည့်အမူအယာဖြင့် စာရွက်ပစ်ချ သည့် ရိုင်းစိုင်းသည့်အမူအယာကို ဘယ်လိုမှ လက်ခံလို့မရပါ၊ ဒေါသမှာ အသံများတုံနေ သည့်အထိ ထွက်နေသည်။ ထို့နောက် အခန်းထဲတွင် ဆရာစိတ်မပါတစ်ပါနှင့် စာသင်သံကလွဲ၍ အသံများ ငြိမ်နေ သည်။
အားလပ်ချိန်တွင် ကျောင်းသားတို့သည် ဒီအကြောင်းကိုပဲ သူတို့ဘာသာစကားနှင့် ပြောပြီး မိမိကို ကွက်ကြည့်ကွက်ကြည့်နှင့်လုပ်နေကြသည်၊ ဒီသတင်းသည် အခြားအခန်းများသို့လည်း ပြန့်သွားပုံရ သည်၊ ကျောင်းသားအချို့ လာပြီး ကွက်ကြည့်ကွက်ကြည့်လာလုပ်ကြသည်၊ ပွဲကတော့ ပိုကောင်း လာပြီဆိုတာကို သိလိုက်သည်။ ဒုတိယစာသင်ချိန်တွင်လည်း စောစောက အဖြစ် အပျက်ကြောင့် ခြောက်တိ ခြောက်ကပ်ကြီးနှင့် ပြီးသွားသည်။
သင်တန်းချိန်ပြီးသွားသည့်အခါ ကျောင်းသူကျောင်းသားများ မပြန်သေးဘဲ အခန်းထောင့်နားတွင် စုရုံးစုရုံးလုပ်နေသည်၊ အခြားအခန်းက ကျောင်းသားများရော မိမိအခန်းက ကျောင်းသားအချို့ က ပြတင်းပေါက်နားတွင် ရစ်သီရစ်သီလုပ်နေသည်၊ မိမိက အခန်းထဲတွင် တစ်ပါးတည်း ပစ္စည်းများ မသိမ်းသေးဘဲ တစ်ယောက်တည်း ကျန်နေခဲ့သည်၊ ဆရာက သင်ကြားသည့်ပစ္စည်းများနှင့် သူ့ပစ္စည့်များကို သိမ်းနေသည်၊ ပြီးသွားသည့်အခါ မိမိက “ ဆရာ လာပါ..ဆွေးနွေးရအောင်” ဟု သွားပြောသည်၊ “အချိန်မရှိဘူး၊ သွားစရာရှိသေးတယ်” ဟုပြောပြီး ထွက်သွားသည်၊ မိမိမှာ ဒေါသထွက်၍ ဆရာကိုလက်ညှိုးထိုးပြီး “မင်းက ဟာသပဲ” “ ဂရမ္မာလည်း နားမလည်ဘူး၊ ဒါလား ဆရာ…..ကိုယ့်စကားကိုယ်လည်း တာဝန်မယူဘူး” ဟု နောက်က လိုက်ပြောသည်။ ဘုန်းကြီးတစ်ပါး နှင့် မငြင်းချင်လို့လား၊ ရှူံးရင် တစ်ရှက်ကနေ နှစ်ရှက်ဖြစ်မှာကြောင့်လားတော့ မသိ၊ ဘာမှပြန်မပြောပဲ အခန်းထဲမှ ထွက်သွားလေသည်၊ မိမိလည်း နောက်မှလိုက်ထွက်ခဲ့သည်၊ မိမိထွက်သွားသည့်အခါ ကျောင်းသားများက အထူးတဆန်းသဖွယ် မိမိကို လိုက်ကြည့်နေကြသည်၊ သူတို့ဘာတွေ တွေးနေတယ် ဆိုတာကို သူတို့သာပဲ သိနိုင်လိမ့်မည်။ အဲဒီနေ့မှစ၍ ထိုဆရာကို မတွေ့ ရတော့ပါ။
နောက်တစ်ရက်တွင် ဆရာမတစ်ယောက် ရောက်လာသည်၊ ထိုဆရာမလည်း ရောက်ကတည်းက မိမိကို ကွက်ကြည့် ကွက်ကြည့်လုပ်နေသည်၊ သူဝေသည့်စာရွက်ကိုလည်း ရောက်တာနှင့် အကုန်ဖြည့် ပြီး ထားထားသည်၊ သူမသင်သေးပဲ ဖြည့်ထားသော စာရွက်ကို ယူကြည့်ပြီး “နားလည်ပြီးသားပဲ” ဟုဆိုကာ မိမိစာရွက်ပေါ်တွင် excellent! ဟုရေးသွားသည်၊ မီးမလောင်ခင် ကြိုတင်တားသည့် သဘောလားတော့ မသိပါ၊ မိမိစာမေးပွဲအောင်သော်လည်း ထိုကောလိပ်မှ အောင်လက်မှတ်ကို သွား မယူဖြစ်ပါ၊ အောင်လက်မှတ် ဆိုတာ စက္ကူချပ်တစ်ခုမျှသာဖြစ်ပြီး ပညာကမှ တကယ့်တန်ဖိုးရှိ တာဟု ခံယူထားသောကြောင့်ဖြစ်သည်။
ယခုအချိန်အထိ ဆရာကို စိန်ခေါ်သည့်အတွက် မှားတယ်ဟု မခံယူပါ၊ ဆွေးနွေးပွဲတွင် မိမိမှားလျှင် မိမိသိနေသည့် အသိမှားကို ပြင်လိုက်ရုံသာ၊ မိမိမှန်နေလျှင်လည်း မြန်မာဆိုတာ ဒါမျိုးဟု သိစေချင်သည်။
ပညာတော်သင်ခရီး အပိုင်း (၄)
ကြက်သားတစ်တုံးနှင့်ပြီးသောနေ့ဆွမ်းတစ်နပ် နှင့် ကွဲပြားသော ယဉ်ကျေးမှုများ
သီရိလင်္ကာသို့ရောက်ပြီးတစ်ပတ်လောက် အကြာတွင် မိတ်ဆွေရဟန်းတစ်ပါးမှ “ဆွမ်းစားလိုက်ခဲ့ပါ လား….. ဗဟုသုတ ရတာပေါ့” ဟုဆိုသောကြောင့် ဆွမ်းစားလိုက်သွားခဲ့သည်၊ မှန်ပါသည်၊ မိမိသည် ရောက်ကတည်းက မြန်မာကျောင်းတွင်နေသောကြောင့် မြန်မာလိုချက်ထားသည့်အစားအသောက်ကို သာ စားနေရသည်၊ ထို့ကြောင့် လိုက်သင့်သည်ဟု ထင်သည်၊ သီရိလင်္ကာတွင် ဆွမ်းစားရာ၌ မြန်မာ နိုင်ငံကဲ့သို့ ဝိုင်းကြီးနှင့်ပြင်ထားသည်မဟုတ်၊ ဆွမ်းစာကြွရာတွင် ကြမ်းပြင်ပေါ်တွင် အခင်းခင်းထား ပြီး ထိုအခင်းပေါ်တွင် ထိုင်ရသည်က များသည်၊ အချို့ အိမ်တွင် ကုလားထိုင်များပြင်ထား သောကြောင့် ကုလားထိုင်ပေါ်တွင် ထိုင်ရသည့်အခါလည်း ရှိသည်။
မိမိ၏ ပထမဦးဆုံးဆွမ်းစာကြွရာတွင် သီရိလင်္ကာမှဆရာတော်ကြီးများနှင့် မြန်မာသံဃာ (၅)ပါးတို့ကြွကြသည်၊ ဆွမ်းဒကာ အိမ်သို့ရောက်လျှင် အိမ်ပေါက်ဝတွင် ဒကာတစ်ဦးမှ ဘုန်းကြီးများ၏ ခြေထောက်ကို ရေဆေးပေးသည်၊ ဒုတိယ ဒကာတစ်ယောက်မှ ခြေထောက်ကိုသုတ်ပေးသည်၊ ရဟန်းသံဃာများအပေါ် ရိုသေမှုမှာ သီရိလင်္ကာကို အခြားနိုင်ငံများ မှီအံမထင်၊ ကလေးမှစ၍ လူကြီး အထိ ရိုသေ ကိုင်းရှိုင်းကြသည်၊ ဘာကြောင့်ဆိုသည်ကို နောက်မှပြောပြပါအံ့၊ ဝါစဉ်အလိုက် ထိုင်ကြသည်၊ မိမိသည် နောက်ဆုံးဖြစ်သည်၊ စားပွဲဝိုင်းနှင့် ဆွမ်းဟင်းများမတွေ့ရ၍ “ငါတို့ကို ဆွမ်းကော ကျွေးပါ့မလား…” ဟု ကလေးကလား ပင် တွေးမိ သေးသည်။
ဆွမ်းနှင့်ဆွမ်းဟင်းများ ကြမ်းပြင်ပေါ်တွင်ချထားပြီး အဝတ်ဖြူကြီးနှင့် အုပ်ထားသည်၊ အိမ်သူအိမ်သား အားလုံးကလည်း ဝတ်ဖြူစင်ကြယ်ကို ဝတ်ထားကြသည်၊ သီရိလင်္ကာတွင် ဘာသာရေးယူနီဖောင်းနှင့် စတိတ်ကျောင်းယူနီဖောင်းသည် ဝတ်ဖြူစင်ကြယ်ဖြစ်သည်၊ မလေးရှား၊ ထိုင်းစသည်တို့တွင်လည်း ဘာသာရေးဝတ်စုံသည် အဖြူရောင်ဖြစ်သည်၊ မြန်မာနိုင်ငံတွင် ထောင်သားများကို အဘယ်ကြောင့် အဝတ်ဖြူဝတ်ပေးသည်ကိုကား မိမိမသိချေ။
ခဏကြာလျှင် ဆွမ်းပုဂံများ တစ်ပါးလျှင် တစ်ချပ်စီလိုက်ကပ်သည်၊ (သပိတ်ပါလာလျှင် ဆွမ်းပုဂံများ မလို)၊ ပုဂံစောက်တစ်လုံးစီလည်း လိုက်ကပ်သည်၊ ထို့နောက် အချို့ အိမ်တွင် ရေ၊ အချို့ အိမ်တွင် ရေနွေး ကြက်သီးနွေးလေးကို ပုဂံထဲတွင် လိုက်ထည့်ပေးသည်၊ အချို့ သံဃာများသည် ထိုပုဂံ စောက်ထဲမှ ရေကိုသောက်ကြပြီး အချို့ မှာ ပုဂံပြားကိုသာ ဆေးကြသည်၊ စီနီယာသံဃာများ၏ ဆွမ်းစား လမ်းညွှန်မှာ လွယ်ကူပြီး ရိုးရှင်းပါသည်၊ “သူများတွေကို ကြည့်ထားပြီး သူတို့အတိုင်း လိုက်လုပ်ရုံသာ”၊ မိမိမှာ ပထမဆုံးဆွမ်းစားဖြစ်၍ တချိန်လုံးနီးပါး သူများကိုသာ ကြည့်နေရသည်၊ သူတို့အတိုင်းလိုက် လုပ်ရတာ လွယ်သည်တော့ မဟုတ်လှပါ။
ပုံပြင်တစ်ပုဒ်ကြားဖူးပါသည်၊ ရှေးတုံးက လင်းမယားနှစ်ယောက်ရှိသည်၊ ဇနီး မအား၍ ယောင်္ကျားကို သီလယူဖို့ လွှတ်လိုက်သည်၊ “သီလယူတာ ကုသိုလ်ရပါတယ်” ဆိုပြီး အကျိုးအကြောင်း ရှင်းပြသည်၊ ယောင်္ကျာမှာ တစ်ခါမှ သီလမယူဖူး၍ ဘာလုပ်ရမှန်းမသိကြောင်း ပြောရာ “လွယ်လွယ်လေး ….ဘုန်းကြီးပြောတဲ့အတိုင်း လိုက်ဆိုလိုက်” ဟု လမ်းညွှ့န်ပေးလိုက်သည်၊ ယောင်္ကျား မှာ “အော်…ဒါဆို တော့ လည်း လွယ်လွယ်လေးပဲ” ဟုဆိုတာ ကျောင်းကို သွားပြီး သီလယူရန်လာကြောင်း ဘုန်းကြီးကို လျှောက်ရာ
“အေး …အဲဒါဆိုရင် ကန်တော့” ဟုပြောရာ သီလယူ အစီအစဉ်စပြီမှတ်၍
“အေး …အဲဒါဆိုရင် ကန်တော့”
“ဟာ့… မဟုတ်သေးဘူး”
“ဟာ့……မဟုတ်သေးဘူး” မှ စပြီးလိုက်ပြောသည်။ ထိုနောက် ဘုန်းကြီးက စိတ်ဆိုးပြီး
“ဘာသဘောလဲ…လာ နောက်နေတာလား”
“သတ္တိရှိလို့ တစ်ယောက်တည်း နေတာ”
“သတ္တိရှိရင် ချမလား” စသည်ကိုလည်း အကုန်လိုက်ပြောသည်၊ ဘုန်းကြီးမှာ စိတ်ဆိုးပြီး နဘန်းလုံးတော့သည်၊ ဒကာလည်း သီလပေးနေတယ်ဟုပဲထင်မှတ်ပြီး ကုသိုလ်ရဖို့ ဘုန်းကြီးနှင့် နဘန်းပြန် လုံးသည်။ ထို့နောက် အိမ်ရောက်သည့်အခါ မိန်းမကို “ သီလယူရတာ မလွယ်ဘူး…. တော်တော် ပန်းတယ်” ဟု ပြောသည်။
မိမိအတွက်လည်း မလွယ်လှပါ၊ အကုန်လိုက်ကြည့်နေရသည်၊ ဆေးပြီးသားပုဂံများကို ကိုင်ပြီးစောင့် နေရသည်၊ ခဏကြာ ပုဂံပြားထဲ (သပိတ်ပါလျှင် သပိတ်ထဲ)သို့ ဆွမ်းများ လိုက်ထည့်ပေးသည်၊ တဆက် တည်းမှာပဲ ဟင်းများလည်း လိုက်ထည့်ပေးသည်၊ ဟင်းထည့်လျှင် ချက်ချင်းတော့ ထည့်မပေး သေး၊ ဟင်းကို အရင် ပြပါသည်၊ မကြိုက်လျှင် မိမိပုဂံအထက်တွင် လက်ကို ခပ်စောင်းစောင်းကလေး အုပ်ပြ လိုက်လျှင် “အဲဒီဟင်းကို မယူတော့ဘူး” ဟူသော အဓိပ္ဗါယ်ပင်ဖြစ်သည်၊ သီရိလင်္ကာမှာ အိန္ဒိယ ယဉ်ကျေးမှုနှင့် ပိုမိုနီးစပ်ပြီး မြတ်စွာဘုရားခေတ်ကလည်း မိမိအတွက်ပြည့်စုံလျှင် လက်ကာ သည့်ယဉ်ကျေးမှုမှာ မြတ်စွာကိုယ်တော်တိုင် ကျင့်သုံးတော်မူခဲ့သည်၊ ပြန်ဆက်ရလျှင် မိမိမှာ သူတို့ဟင်းများကို တစ်ခါမှ မမြင်ဖူးသောကြောင့် ဘယ်ဟင်းကို ယူသင့်၊ ဘယ်ဟင်းကို မယူသင့်ဆို တာကိုလည်း မသိပေ၊ ထို့ကြောင့် အခြားသူများယူသည့်ဟင်းကို လိုက်ယူသည်။
သီရိလင်္ကာတွင် အိမ်တိုင်းပါသည့်ဟင်းမှာ ငရုပ်သီးထောင်း၊ အုန်းသီးကို ငရုပ်သီးစပ်စပ်ဖြင့် ထောင်းထားသည့် အုန်းသီးထောင်း၊ ငရုပ်သီးစပ်စပ်နှင့် ပိန္နဲသီးချက်၊ ပိလောပိနန်အရွက်ထောင်းတို့ဖြစ် သည်။ သီရိလင်္ကာလူမျိုးအများစုမှာ သက်သက်လွတ်သမားများဖြစ်ကြသည်၊ အချို့ မှာ ငါးကို စားကြပြီး အသားကိုကား စားသူ နဲလှသည်၊ သို့သော်လည်း မိမိကြွသည့် ဆွမ်းကပ်တွင် ကြက်သားပါသည်၊ မိမိကို ဒကာမှ ကြက်သားကိုပြပြီး “ကြက်သား ဘုန်းပေးလား” ဟုမေးသည်၊ “ဟုတ်…သိပ်ဘုန်းပေး တာပေါ့” ဟု ပြုံးပြပြီး ပြန်ပြောလိုက်သည်။
ထို့နောက် ကြက်သားတစ်တုံး ပုဂံပြားထဲ ထည့်ပေးသည်၊ ငေးကြည့်နေမိသည်၊ နောက် တစ်တုံး ထပ် ထည့်သည်၊ ငေးကြည့်နေမိပြန်သည်၊ နောက်တစ်တုံးထပ်ထည့်ပေးသည်၊ အဲဒီနောက်မှ သတိရသည်၊ လက်မကာသေးလျှင် ထပ်ထပ်ထည့်နေအုံးမည်သာ၊ ထို့ကြောင့် လက်ကလေးကို ဆွမ်းပုဂံများပေါ်မှာ အမြန် အုပ်လိုက်သည်၊ အဲဒီအခါကျမှ ကြက်သားဟင်းထည့်တာ ရပ်သွားသည်၊ “အင်း….ကြက်သားနဲ့ ပထမဆုံး ဆွမ်းစားကို ဖွင့်ရမှာပဲ” ဟုတွေးပြီး ဆွမ်းအဖြူထည် သက်သက်ကို မိတ်ဆက်သဘောဖြင့် အရင်ဆုံးစားလိုက်သည်၊ မိမိမှာ ကြက်သား ပေါများနေသည့်အလျှောက် ကြက်သား တုံးပေါ် ဆွမ်းလေး နဲနဲအုပ်ပြီး ကြက်သားတစ်တုံးလုံး ပါးစပ် တည်းထည့်လိုက်သည်၊ ထို့နောက်မှ စတင် ဝါးတော့သည်။
ဝါးပြီးမှ သိလိုက်သည်၊ “မြတ်စွာဘုရား…..ကြက်သားက နံလိုက်တာ” ဟင်းခတ်အမွေးအကြိုင် ပေါင်းများစွာ ထည့်ထား၍ ဘယ်လိုမှ စားလို့မရအောင်ကို နံနေသည်၊ တစ်ချက်ဝါးလိုက်တိုင်း အနံ့ က “ထောင်း” ခနဲဆို တစ်ချက်ထွက်လာသည်၊ ထိုအနံ့ကြောင့် ပျို့တက်လာသည်၊ သို့သော်လည်း ပါးစပ်ထဲမှာ တစ်တုံးလုံးက ထည့်ထားပြီးပြီ၊ ဆက်ပြီး ဝါးရမှာလည်း ကြောက်နေသည်၊ သို့သော် ထွေးပြစ်ရန်လည်း မိမိအနားမှာ ထွေးခံက မရှိ၊ ပြီးတော့ ထေရ်ကြီးဝါကြီး အများထဲတွင် မိမိမှာ သူတစ်ပါး လှူ သည့်အစားအသောက်ကို ထွေးပြစ်ရန်မှာလည်း မသင့်တော်၊ ကြက်သားတစ်တုံး ပါးစပ်ထဲ တွင်ထည့်ပြီး မိမိမှာ တစ်ယောက်တည်း ဒုက္ခ ရောက်နေသည်။
သီရိလင်္ကာနိုင်ငံတွင် ဟင်းရည်သောက်တို့ဘာတို့ကို သောက်လေ့မရှိကြ၊ အရေသောက်မှာ ရေ၊ သို့ မဟုတ် အချို့ အိမ်တွင် အုန်းရည်တို့သာရှိသည်၊ ထို့နောက်အကြံရသည်မှာ ရေနှင့် မျှောချရန်ဖြစ် သည်၊ ထို့နောက် အနံမထွက်စေရန် ကြက်သားတုံးကို အသာကလေး ခိုးဝါးသည်၊ မိမိတို့ ကလေးဘဝ တွင် ဘုန်းကြီးမနိုးစေရန် ခြေလှန်းကို ဖွဖွလေးခိုးနင်း၊ ဘုန်းကြီးလှုပ်လာလျှင် အသာကလေးရပ်၊ ပြီးတော့ အသာလေးဆက်လှမ်းပြီး အပြင်ထွက်သလို ယခုလည်း မိမိပါးစပ်ထဲရောက်နေသော ကြက်သား မသိစေရန် အသာလေး ခိုးဝါးသည်၊ သိလျှင်အနံ့ထွက်မည်စိုးသောကြောင့်ဖြစ်သည်၊ ထို့နောက် ရေနှင့်မျှောသည်။
နဲနဲချင်းဝါးသည်၊ နဲနဲချင်းရေနှင့်မျှောချသည်၊ ဤသို့နှင့်ကြိုးစားလိုက်ရာ အဆုံးတွင် မိမိသည် ကြက်သား တစ်တုံးကို အောင်မြင်စွာ မျိုချနိုင်ပါပြီ၊ Congradulation!!! ဟုလည်း ကိုယ့်ကိုယ်ကို ပြောမိသည်၊ ကြက်သားတုံးမျိုချနိုင်သောအောင်မြင်ခြင်း စာမေးပွဲ အောင်မြင်ချက်ထက် ပိုပြီး ပျော်စရာကောင်းသည်ဟုလည်း ထင်မိသည်၊ ထို့နောက် အခြားသူများကို လှမ်းကြည့်လိုက်သောအခါ သူတို့ ဆွမ်းဘုန်းပေးပြီးသွားပြီ၊ ထို့ကြောင့် မိမိ လည်း ပြီးလိုက်တော့သည်၊ ထိုနေ့နေ့ဆွမ်းသည် ကြက်သားတစ်တုံးဖြစ်သာ ပြီးလိုက်ရသည်။
ပညာတော်သင်ခရီး အပိုင်း (၅)
ဆွမ်းစားပြီးသည့်အခါ အချိုပွဲကပ်သည်၊ မြန်မာနိုင်ငံလို ဝိုင်းတွင် ပြင်ထား သည်မဟုတ်ပါ၊ ကပ်မည့် အချိုပွဲများကို သံဃာစေ့ ပုဂံများဖြင့်ပြင်ထားသည်၊ ထို့နောက် တစ်ပါး အချိုပွဲတစ်စုံစီ လိုက် ကပ်သည်၊ မိမိလိုသလောက် ဘုန်းပေးနိုင်သည်၊ အများကြီးစားလျှင်လည်း ပုဂံတစ်ချပ်တည်းသာဖြစ်သောကြောင့် အစားကြီးလည်း သိက္ခာမကျပေ၊ ထို့ကြောင့် ထိုစနစ်ကို ကြိုက်သည်၊ ထိုအိမ်တွင် စားနိုင်လျှင်လည်း စားလို့ရသည်၊ မစားနိုင်တော့လျှင်လည်း ကျောင်းယူသွား၍ ရသည်၊ အိမ်တော်တော်များမှာ ကပ်ပြီးသားအချိုပွဲများကိုလည်း ပြန်ယူမထားကြ၊ ကျောင်းသို့သာ ထည့်ပေးလိုက်ကြသည်၊ အချိုပွဲများကို ကျောင်းကို ယူဖို့အိပ်စသည်တောင်းလျှင် ဒကာ ဒကာမများမှာ “ငါတို့ကို ချီးမြောက်ကြတယ်”ဟုတွေးပြီး ပျော်ပြီး အကျေနပ်ကြီး ကျေနပ်နေသည်၊ မိမိမှာ အံသြနေ မိသည်။
မြန်မာနိုင်ငံမှာသာ အချိုပွဲလေး ကျောင်းကိုယူသွားချင်လို့ဟု ဆိုလျှင် “တင်းပါး ဘုရား” ဟုပြောပြီး စိတ်ထဲက “ဘုန်းကြီးလောဘ အနန္တဆိုတာ ဒါမျိုးပဲ” လို့များ ပြောမလားဟုတွေးပြီး တစ်ခါမှ အချိုပွဲ ယူသွားချင်တယ်ဟု မပြောဘူးပါ၊ သီရိလင်္ကာတွင် မိမိ သည် ရိပ်သာတစ်ခုတွင် နေသည်၊ မိမိအပါအဝင် သံဃာ (၃)ပါး သာ ရှိ၍ အစားအသောက် အင်မတန်ပေါသည်၊ ထို့ကြောင့် အချိုပွဲစသည်တို့ကို လုံးဝမယူချင်ပါ၊ ကျောင်းမှာ အများကြီးရှိကြောင်းပြောသော်လည်း မရပါ၊ ဇွတ်ကို လှူပါသည်၊ ထို့ကြောင့် သူတို့ သဒ္ဓါ တရားကိုငဲ့ ပြီး ယူလာခဲ့ရပါသည်။
သီရိလင်္ကာတွင် အခန်းအနား၊ ဆွမ်းစားကွမ်းစား၊ အလှူအတန်းစသည်တို့တွင် ဘုန်းကြီးများထိုင်သည့် အခါ မြတ်စွာ၏ဆင်းတုတော်ရှေ့တွင် မထိုင်ကြ၊ ဘုရားဆင်းတုတော်ရှေ့တည့်တည့်တွင်ထိုင်လျှင် ဘုရားကို ကျောခိုင်းသလိုဖြစ်နေသည်၊ ဘုရားကို ကျောခိုင်းထားသည်မှာ အင်မတန်ကိုမှ ရိုင်း သည်ဟု ယူဆကြသည်၊ ထို့ကြောင့် ဆင်းတုတော်၏ ဘေးနှစ်ဘက်နှစ်ချက်တွင် ဂငယ်ပုံသဏ္ဍာန် ဝိုင်းပြီး ထိုင် ကြသည်၊ စွယ်တော်၊ ဗောဓိပင်စသည်တို့တွင် ဘုရားကိုကျောပေးပြီး ဓာတ်ပုံရိုက်လျှင် ထိုသို့မရိုက်ဖို့ လာပြောကြသည်၊ ထိုအယူအဆကို သဘောကြပါသည်။
သို့သော် တရားနာသည့်အခါ ဘုရားဘက်ဆီ၊ သံဃာများဘက်ကို ခြေဆင်းပြီး တရားနာ၊ ပရိတ်နာ ကြသည်၊ သူတို့ယဉ်ကျေးမှုအရ မသင့်တော်ဟု မယူဆကြပေ၊ ရိုးရာအစဉ် အလာတစ်ခု ဖြစ်နေသည်၊ မြန်မာနိုင်ငံသားဖြစ်သော မိမိအတွက်မှာ တစ်မျိုးကြီးဖြစ်နေသည်၊ သို့သော်လည်း တစ်ချို့အိမ်များ အထူးသဖြင့် အခြားနိုင်ငံများကို သွားလာ နေထိုင်ဖူးသူတို့သည် ထိုသို့ဘုန်းကြီးများဘက်သို့ ခြေမဆင်းရန် သူတို့မိသားစုဝင်များကို တားမြစ်သည်ကိုတော့ တွေ့ရသည်၊ ထိုသို့ဘုန်းကြီးများ ဘက်သို့ခြေဆင်းပြီး တရားနာနေတာကိုတွေ့သည့် အံ့သြပြီး ပထမ ခြေဖဝါးကို သရေကွင်းဖြင့် ပြစ်ချင်စိတ်ပင် ပေါက်သွားသည်၊ နောက် ကြာသည့်အခါ ရိုးသွားပါသည်။
သီရိလင်္ကာတွင် တရားနာသည့်အခါ ဓမ္မဂါရဝရှိပုံမှာ အင်မတန်ပင်လေးစားစရာကောင်းလှသည်၊ တရားကို အာရုံစိုက်ပြီး တလေးတစား နားထောင်သည်၊ မိမိတို့နေသည့်ရိပ်သာမှ ဘုန်းကြီးသည် တရား တစ်ပုဒ်ကို အကြိမ်ပေါင်းများစွာဟောသည်၊ သူရွတ်သည့်ပါဠိများကို မိမိပင်အလွတ်ပင်ရနေပြီ၊ သို့သော် “နာပြီးသား တရားကြီး” ဟု ပေါ့တိပေါ့ဆ နာသည်ကို မတွေ့ဘူးပါ၊ ရိုရိုသေသေ နာယူကြသည်၊ လေးစား အတုယူစရာကောင်းသည်၊ သို့သော်လည်း ထိုင်းနိုင်ငံတွင် ဘုန်းကြီးများ တရားဟော၊ ပရိတ်ရွတ်နေစဉ် ဘုန်းကြီးတွေရှေ့မှာ ဆဲလ်ဖီ (selfelf) ဆွဲနေသည့် မိန်းခလေးများကိုလည်း တွေ့ရသည်၊အံသြစရာပင်၊ မြန်မာနိုင်ငံတွင် အဲဒီလောက်တော့ မဆိုးသေးဟု ထင်သည်၊ သို့သော် တရားပွဲများတွင် လက်အုပ်ချီရာတွင် လက်အုပ်ကို ဘယ်ဖက်လက် တစ်ဖက်သာချီပြီး ညာဘက်လက်က ဖေ့စ်ဘုတ် ပွတ်နေသည်ကိုတော့ တွေ့ ဖူးသည်။
ဗုဒ္ဓဘာသာနိုင်ငံချင်းတူလင့်ကစား တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယဉ်ကျေးမှုခြင်းကား မတူကြပါ၊ ထိုသို့ မတူသည်ကိုလည်း ညှိဖို့မကြိုးစားပါ၊ သို့သော် အခြားနိုင်ငံများမှ ယူသင့်ယူထိုက်၊ လိုက်နာသင့်လိုက် နာထိုက်သော ယဉ်ကျေးမှုမျိုးကိုကား အတုယူပြီး မိမိနေရာတွင် ကျင့်သုံးလျှင် မိမိတို့လူမျိုးအတွက် အကျိုးရှိမည်သာ ဖြစ်သည်။
ပညာတော်သင်ခရီး (အပိုင်း ၆)
အတွေ့အကြုံတွေကို ပြန်ပြောသည့်အခါ ရယ်စရာအဖြစ် ပြောပြကြသော်လည်း တကယ်ဖြစ်နေ ချိန်မှာ ပြောပြသလို ပျော်စရာကောင်းမနေပါ၊ အလားတူပဲ ယခုအချိန်တွေ့နေရသော အခက်အခဲများမှာ နောင်တစ်ချိန်တွင် ရယ်စရာအမှတ်တရအဖြစ် ပြန်ပြောစရာဖြစ်မည် ဖြစ်သည်၊ ဘာ့အတွက်ကြောင့် ယခုအခက်အခဲကို ကျော်လွှားဖို့ နောက်ဆုတ်ရမှာနည်း၊ အတိတ်အကြောင်းကို လွမ်းစရာအဖြစ်ပြန် ပြောပြသော်လည်း တကယ်ရုန်းကန် နေချိန်မှာ လွမ်းစရာအချိန်မရှိပါ၊ စာလဲ ဖွဲ့မနေနိုင်ပါ။
သီရိလင်္ကာတွင် ကျောင်းတက်နေသည့်သံဃာ အများစုမှာ ကိုယ့်ထမင်းကို ကိုယ်ချက်စားရသည်၊ ဆေးရသည်၊ ကြောရသည်၊လှီးရသည်၊ ချွတ်ရသည်၊ချက်ဖို့ ပြုတ်ဖို့ ဈေးဝယ်ရသည်၊ ဈေးဆစ်ရသည်၊ ဈေးဝယ်ရာတွင် အင်္ဂလိပ်ဝေါဟာရ၊ ဆင်ဟာလီ ဝေါဟာရ များများ မလိုပါ၊ မြင်တာကို လက်ညှိုးထိုးပြီး “ This …This…” တစ်လုံးဖြင့် မြင်သမျှကို အကုန်ဝယ်နိုင်သည်၊ လူတွေနှင့်အတူ ကုန်စိမ်းများကို ဝင်ရွေးရသည်၊ (အမှန်အတိုင်းပြောရလျှင်) တော်တော်ရှက်ပါသည်၊ လိုင်းကားဖြင့် တက္ကသိုလ်သွားရသည်၊ အိပ်ပျော်နေသောကြောင့် ဂိတ်ဆုံးကို တစ်ခါ နှစ်ခါတော့လည်း ရောက်ဖူးသည်။
မိမိသီရီလင်္ကာမှာ ကျောင်းတက်စဉ်က မိမိချက်သော ဟင်းတစ်ခွက်ကို သတိရမိသည်၊ မိမိသည် ဟင်းမချက်တတ်ပါ၊ မြန်မာသံဃာအများစုမှာ မိမိတို့ဘာသာ မိမိတို့ ချက်စား ကြရသည့်အလျောက် မိမိတို့ သူငယ်ချင်းတစ်စုလည်း ချက်ပြုတ်စားကြရသည်၊ မိမိက မချက်တတ်သဖြင့် ကြက်သွန်နွှာ၊ ကြက်သွန်လှီး အမြဲပြုလုပ်ပေးလေ့ရှိသည်၊ အမြဲတမ်း လုပ်နေရသောကြောင့် ယခုဆိုလျှင် ကြက်သွန်လှီးရာတွင် ကျွမ်းကျင်အဆင့် သို့ရောက်နေလေပြီ။
တစ်ရက် ဟင်းချက်မည့်သူများ တစ်ပါးမှမရှိ၊ မိမိတစ်ပါးတည်းကျန်ရစ်သဖြင့် သူငယ်ချင်းတစ်ပါးကို ချက်ပုံချက် နည်းမေးပြီး ဟင်းတစ်ခွက် စီစဉ်လိုက်သည်၊ ထိုဟင်းမှာ ငါးခြောက်ချက်ဖြစ်သည်၊ ငါးခြောက်ဝယ်၊ တုံးတစ်ပြီး ရေစိမ်းထားသည်၊ ကြက်သွန်နီနှင့် အရောင်တင်မှုန့်တို့ဖြင့် ဆီသတ်သည်၊ ထို့နောက် လှီးထားသည့်ခရမ်းချဉ် သီးထည့်ပြီး မွှေသည်၊ ပြီးတော့မှ ငါးခြောက်ကိုထည့်၊ နောက်ဆုံးမှ ရေထည့်သည်။
ထိုဟင်းမှာ ပွက်လာသည့်အခါ မွှေးကြိုင်လာသည်၊ အရောင်တင်မှုန့်ပါသည့်အတွက် ဟင်း၏ အရောင် မှာလည်း စားချင်သဖွယ်ဖြစ်သည်၊ သို့ဖြစ်၍ ချထားလိုက်သည်. ထိုဟင်းမှာ “ပထမဟင်းလျှာ” ဖြစ်သည်၊ အရသာတွင် ပထမစွဲလောက်သည့် ဟင်းလျာ ဟု ပြောသည်မဟုတ်ပါ၊ မိမိဘ၀တွင် ပထမဦးဆုံး ချက်သော ဟင်းဖြစ်သောကြောင့် ပထမဟင်းလျာဟု စိတ်ထဲတွင် နာမည်ပေးထားသည်။
သူငယ်ချင်းများ စုံလင်ပြီ၊ အားလုံးလည်း ဗိုက်ဆာနေကြပြီ၊ ထမင်းဝိုင်းတွင် မိမိချက်ထားသည့် ဟင်းခွက်သာရှိသည်၊ မိမိချက်ထားသည့်ဟင်းကို အားလုံးက စားကြတော့မည် ဆိုတော့လည်း ကျေနပ်မိသည်၊ ပင်ပန်းခဲ့သည်များ ပျောက်သွားသည်၊ မိမိဟင်းကို စားကြတော့ ကြည်နုးသလိုလို၊ ရင်ခုန်သလိုလိုတော့ဖြစ်သည်၊ ရင်ထဲကလည်း ”ဟင်းလက်ရာက ဘယ်ဆိုး လို့လဲ” ဟူသော ချီးမွှမ်းသံကို ကြိပ်ပြီး တောင်းတနေလေသည်၊ ထိုအချိန်တွင် ဦးဇင်းတစ်ပါးက
”ကိုနေမိန်…ဟင်းချက်တုံးက မြည်းကြည့်သေးလား” ဟုမေးသည်၊ မိမိ မြည်းမကြည့်ရသေးပါ၊
“ဘုရား…တပည့်တော် မြည်းမကြည့်မိဘူးဘုရား…ဘာပြုလို့လဲ” ဟု မေးလိုက်သည်၊
ထိုဦးဇင်းက ပြောပါသည်
“ကိုနေမိန်ရဲ့ ဟင်းက မကျက်သေးဘူး”
ဟုတ်ပါသည်၊ မိမိစားကြည့်လိုက်သည့်အခါ ငါးမှာ အစိမ်းညှီနံ့က မပျောက်သေး၊ အကျက်လိုနေသေးသည်။
ထို့နောက် “ဟင်းက အကျက်လိုသွားလို့သာ၊ လက်ရာကတော့ မညံ့ ” ဟု ကြံဖန်ပြီး ချီးမွှမ်းပေးကြပါသည်၊ ထိုသို့ပင် ချီးမွှမ်းကြသော်လည်း နောက်နောင်တွင် သူငယ်ချင်းများ ဘယ်ကို ရောက်ရောက် ဟင်းချက် အမှီ တစ်ပါးကတော့ ပြန်လာကြပါသည်၊ ဟင်းတစ်ခွက်ဖြစ်ဖို့ မလွယ်ပါ၊ ဟင်းတစ်ခွက်ချက်ရမည့်အစား စာတစ်အုပ်လုံးသာ ကျက်ပြစ်လိုက်ချင်ပါသည်၊ မိမိမှာ ယခုအချိန်အထိ “ဟင်းများတယ်၊ နည်းတယ်။ ပေါ့တယ်၊ ငန်တယ်” ဟု စိတ်ထဲတွင်မရှိပါ၊ သီရိလင်္ကာက ပေးလိုက်သော ဘဝသင်ခန်းစာဖြစ်သည်။
ပညာတော်သင်ခရီး အပိုင်း (၇)
အချစ်စစ် အချစ်မှန်များ
သီရိလင်္ကာလူမျိုးများမှာ အသားမဲကြသည်၊ ဒကာတွေလည်း မဲသည်၊ ဒကာမတွေလည်း မဲသည်၊ ကောင်မလေးများလဲ မဲသည်၊ ကောင်လေးများလည်း မဲသည်၊ ရဟန်းသာမဏေများလည်း မဲသည်၊ အားလုံး မဲကြသည်၊ သူတို့ကြားတွင်နေသော မိမိမှာ တခါတလေ “ငါ အသားဖြူတာ မှားများ မှားသွားပြီလား မသိဘူး” ဟုပင် သံသယ ဝင်လာမိသည်။
မြန်မာလူမျိုးတို့သည် အသားဖြူခြင်းကို အလှအင်္ဂါတစ်ရပ်ဟု သတ်မှတ်ထားကြသည်၊ အသားမဖြူသော ပတ်ဝန်းကျင်တွင်နေရသောကြောင့် သီရိလင်္ကာတွင် မြန်မာရဟန်းသာမဏေများအတွက် ဈာန်မဂ်ဖိုလ် အန္တရာယ် သိပ်မရှိလှပါ၊ မိန်းခလေးများ၊ ဒကာမများနှင့် ငြိစွန်းကာ သာသနာ့ဘောင်မှ ထွက်သွားနိုင်သော အန္တရာယ်မှာ အလွန်ပင် နဲပါးလေသည်၊ သို့ကြောင့်လည်း ရဟန်းမယ်တော်ကြီးမှ မိမိကို “သီရိလင်္ကာမှာ တစ်သက်လုံး သီတင်းသုံးပါ” ဟု လျောက်လေသည်၊ ကျောင်းတက်သည့် ငါးနှစ်မှာပင် တွန့်လိမ် ကောက်ကွေးအောင်ပျင်းပြီး တက်လာရသည့်အတွက် တစ်သက်လုံး နေဖို့ဆိုတာ မဖြစ်နိုင်ပါ။
သီရိလင်္ကာလူမျိုးတို့ အသားမဲသော်လည်း သဘောဖြူကြသည်၊ ဖော်ရွေသည်၊ ဘာသာတရား ကိုင်းရှိုင်းသည်၊ သီရိလင်္ကာတွင် ဘဝသည် လုံခြုံသည်၊ မည်သည့်အချိန်တွင် သိသာသလဲဟုဆိုလျှင် စင်္ကာပူမှ ပြန်လာချိန်တွင် သိသာသည်၊ စင်္ကာပူနိုင်ငံသည် တိုးတက်သည့်နိုင်ငံဖြစ်သည့်အလျောက် လူတို့လည်း တိုးတက်မှုကို အမှီလိုက်နေရသည်၊ ပင်ပန်းနေသည်၊ အပြုံးများတွင် အားမပါပါ၊ လူအများစု၏ မျက်နှာတွင် အပြုံးအစား စိတ်ဖိစီးမှုများကိုသာ တွေ့နေရသည်၊ စင်္ကာပူမှ သီရိလင်္ကာလေဆိပ်သို့ ရောက်သည့်အခါ သီရိလင်္ကာလူမျိုးတို့၏ နွေးထွေးမှု၊ ဖော်ရွေမှုနှင့် လူတိုင်းနီးပါးမျက်နှာတွင် ဖိစီးမဲ့ အပြုံးများကို တွေ့လိုက်ရသောကြောင့် ရင်ထဲကို အေးသွားရသည်၊ လုံခြုံသွားသလိုလဲ ခံစားလိုက်ရသည်၊ အခြားသီတင်းသုံးဖော်များလည်း အလားတူ ခံစားရကြောင်းကို ပြောပြကြသည်။
မိမိတက်သောတက္ကသိုလ်၏ ပညာရေးစနစ်၊ တက္ကသိုလ်၏ စည်းမျဉ်းအားနဲချက်ကို နှစ်လုံးပေါက် ကျောင်း ပြေးပြီး ပြောပြသည့် အကြောင်းကို မပြောမီ ဘုရားဖူးခရီးစဉ်အကြောင်းကို အနည်းငယ် ပြောပြလိုပါသည်၊ မိမိတို့အဖွဲ့သည်ရောက်ပြီး များမကြာမီ ၂၀၀၆ ဒီဇင်ဘာလလောက်တွင် ဘုရားဖူးခရီးထွက်ကြသည်၊ မေမြို့ နှင့်ဆင်သော စွယ်တော်ရှိသော ကန္ဒီမြို့ ၊ မြန်မာနိုင်ငံတွင် ပုဂံကဲ့သို့ ရှေးဟောင်းမြို့ ဖြစ်သော အနုရာဓပူရမြို့ တို့သို့ ဘုရားဖူးထွက်ခဲ့သည်။
သစ်ပင်မခုတ်သော သီရိလင်္ကာတွင် လမ်းတစ်လျောက် စိမ်းစိုနေပြီး လမ်းဘေးတွင် ရေတံခွန်များ၊ ကျောက်ကြားမှ ရေစိမ့်ထွက်နေသောနေရာများ၊ သစ်ကြီးဝါးကြီးများကို သဘာဝအတိုင်း မြင်ရသည်၊ တောအုပ်တွင်းမှ လမ်းကို စီးနင်းရသလို ခံစားရသည်။ စိတ်ဝင်စားစရာကောင်းသော နောက်ခံသမိုင်းကြောင်းများနှင့်မှို့ ပျော်လည်း ပျော်စရာကောင်းပါသည်။ ကန္ဒီမြို့ ရှိ စွယ်တော်တိုက်၊ အနုရာဓပူမြို့ ရှိ မဟာစေတီ၊ မဟာဗောဓိပင်၊ အဋ္ဌကထာကျမ်းပြု အရှင်မဟာဗုဒ္ဓဃောသ သီတင်းသုံးသွားသော မဟာဝိဟာရကျောင်းတော်၊ စတုတ္ထ သင်္ဂါယနာ တင်ခဲ့သော အာလုဝိဟာရတောင်၊ စီဂီရိယမြို့  တော်စသည်တို့ကို လေ့လာခဲ့ရသည်၊ ရောက်ရှိခဲ့သောနေရာတို့၏ နောက်ခံသမိုင်းကြောင်းများနှင့် စိတ်ဝင်စား စရာ ရှေးရဟန်းတော်တို့၏ အချစ်ဇာတ်လမ်းများကို အနည်းငယ် ပြောပြပါမည်။ (သမိုင်းစာစု မဟုတ်သောကြောင့် လေးလေးနက်နက် အကျယ်တဝင့်ကို ပြောပြရန် ဆန္ဒမရှိပါ)။
၁။ စွယ်တော်တိုက်သည် သီရိလင်္ကာမင်းဆက်တို့၏ နောက်ဆုံးမင်းဆက် နေထိုင်သော ကန္ဒီမြို့ တော်တွင် တည် ရှိသည်၊ စွယ်တော်တိုက်သည်ပင် ကန္ဒီနန်းတော်၏ ပရဝိုဏ်ထဲတွင် တည်ရှိလေသည်၊ စွယ်တော်တိုက်ကို ရှေ့ဟောင်း ကမ္ဘာ့အမွေအနှစ်အဖြစ် ထိန်းသိမ်းစောက်ရှောက်ထားသည်၊ ယခုလက်ရှိစွယ်တော်ကို အိန္ဒိယမှ ခမည်းတော် ဂူဟသီဝ၏ ညွှန်ကြားချက်ဖြင့် သမီးတော် ဟေမမာလီမင်းသမီးနှင့် ခင်ပွန်း ဒဏ္ဍမင်းသားတို့မှ AD ၄-ရာစုတွင် သီရိလင်္ကာသို့ တိတ်တဆိတ် ပင့်ဆောင်လာခြင်းဖြစ်သည်။
စွယ်တော်မြတ်ကို နံနက်၊ နေ့လည်၊ ညနေ၊ တစ်နေ့ သုံးကြိမ်း အတီးအမှုတ်များဖြင့် ပူဇော်ကြသည်။ ဗုဒ္ဓနေ့တိုင်း စွယ်တော်ကို ရေသပ်ပယ်ကြသည်၊ စွယ်တော်တိုက်တွင် အချိန်ပြည့် လူစည်ကားနေသည်။
၂။ အနုရာဓပူရမြို့ သို့ဝင်လျှင် ရှေးဟောင်းဘုရားများကို ဖူးမြင်ရသည်၊ ပုဂံလိုတော့ ဘုရားများ မှိုလိုပေါမနေပါ၊ အနုရာဓပူရမြို့၌ BC ၃-ရာစုနှစ်တွင် ဒေဝါနံပိယတိဿမင်း တည်ထာကိုးကွယ်သော ထူပါရာမယ စေတီရှိသည်၊ ထိုစေတီမှာ သီရိလင်္ကာတွင် အစောဆုံးတည်ထားကိုးကွယ်သော စေတီဖြစ်သည်၊ ထိုဝန်းကျင်တွင် ဖြစ်လောက် မည်၊ ဘီစီ တစ်ရာစုတွင် အနုရာဓပူရမြို့ရှိ မရိစဝတ္တိအမည်ရှိသော ဘုန်းကြီးကျောင်းတစ်ကျောင်းရှိခဲ့သည်၊ ဇာတ်လမ်းတစ်ပုဒ်*လည်း ရှိခဲ့သည်၊ ထိုမရိစဝတ္တိကျောင်းဘုရားပွဲနေ့တွင် ဘိက္ခူ၊ ဘိက္ခူနီ၊ သာမဏေ၊ သာမဏေရီ (အလွယ်ပြောလျှင် ရဟန်းတော်နှင့် သီလရှင်များ)၊ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များတို့ဖြင့် စည်ကားသည်၊ နံနက်စောစောတွင် ဒကာ၊ ဒကာမများမှ ကိုရင် ဦးဇင်းများကို ယာဂုဆွမ်း( ဆန်ပြုတ်) လောင်းလှူကြသည်။
ထိုအထဲတွင် (၇) နှစ်အရွယ် ကိုရင်လေးတစ်ပါးလည်း ပါသည်၊ ထိုကိုရင်လေးက ဒကာ ဒကာမများလောင်းလှူလိုက်သော ယာဂုမှာ အလွန်ပူသောကြောင့် သပိတ်ကိုကိုင်သော လက်ကို ဟိုရွှေ့လိုက် ဒီရွှေ့လိုက်လုပ်နေသည်၊ သို့သော်လည်း အပူဒဏ်ကို ဘယ်လိုမှ မခံနိုင်သောကြောင့် သပိတ်ကို မြေကြီးပေါ်ချပြီး အပေါ်ရုံသင်္ကန်းစလေးကို နဲနဲခေါက်ပြီးကိုကြည့်လိုက်သည့်အခါ စောစောကထက် အပူအနဲငယ် လျော့သည့်အတွက် ထိုအတိုင်း သပိတ် ကို ကိုင်လိုက်သည်။
“ ရော့….ဒီပုဂံပြားလေးနဲ့ ခုပြီး ကိုင်လိုက်လေ…” ပြောလိုက်သော အသံနှင့်အတူ ပုဂံပြားလေးတစ်ချပ်ကို လာပေးသော ကိုရင်လေးအရွယ် မယ်သီလရှင်လေး တစ်ပါးကို တွေ့လိုက်ရသည်။ ကိုရင်လေးက မယ်သီလရှင်လေးကို တစ်ချက်ကြည့်လိုက်ပြီး ပုဂံပြားလေးကိုယူပြီး သပိတ်အောက်မှာခံ၊ သပိတ်ကိုပွေ့ကာ ထွက်လာခဲ့သည်၊ “ကျေးဇူးတင် ပါတယ်” လို့လဲ မပြောခဲ့ရ၊ နောက်ဆုံး ပြုံးတောင်မှ ပြုံးမပြခဲ့ရ။
မယ်သီလရှင်လေးလဲ ကိုရင်လေး ထွက်သွားတာကို ငေးကြည့်နေမိသည်၊ ထိုမြင်ကွင်းလေးက တစ်ရက်လည်း ပျောက်မသွားခဲ့ပါ၊ တစ်နှစ်လည်းပျောက် မသွားခဲ့ပါ။
ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာသည့်အခါ သီရိလင်္ကာတွင် နိုင်ငံရေးမတည်ငြိမ်မှု၊ သူပုန်တွေ ထကြွသောင်းကျန်းမှု ကြောင့် ငတ်မွတ်ခေါင်းပါးဘေး ဖြစ်လေသည်၊ လူတို့ငတ်မွတ်သည့်အခါ ဘုန်းကြီး မယ်သီလရှင်များမှာ သူတစ် ပါးလှူမှ စားရသူများဖြစ်သောကြောင့် ထိုငတ်မွတ်ဘေးကို အရင်ပိုပြီး ခံကြရသည်၊ ထိုကြောင့် ထိုမယ်သီလရှင် မှာ အိန္ဒိယဘက်အခြမ်းသို့ ကူးကာ နေထိုင်ရတော့သည်၊ ထိုမယ်သီလရှင်ပင် အသက် (၆၀) အရွယ်သို့ ရောက်လာပြီ၊ ဒီလိုနှင့် ဘုန်းကြီး မယ်သီလရှင်များသပိတ်လုံး အိပ်တစ်လုံးနှင့် သီရိလင်္ကာမှ အိန္ဒိယ ဘက်အခြမ်းသို့ ကူးလာကြသည်။
“သီရိလင်္ကာမှ ဘုန်းကြီးတစ်ပါး ထပ်ရောက်လာတယ်” ဟုဆိုသောကြောင့် နိုင်ငံရေးအခြေအနေများ မေးရန် အရင်ရောက်နှစ်နေသော ဘုန်းကြီးများ မယ်သီလရှင်များက လာရောက်တွေ့ ဆုံကြ၊ စကားပြောကြသည်၊ ထို့နောက် စကားစမည်ပြောရင်း မယ်သီလရှင်က
“ အရှင်ဘုရား… မရိစဝတ္တိကျောင်းဘုရားပွဲ ကြွဖူးလားဘုရား” ဟု မေးကြည့်သည့်အခါ ကြွဖူးကြောင်းကို ပြောသည်၊
“အဲဒီ ဘုရားပွဲမှာ ကိုရင်လေးတစ်ပါး သပိတ်က ပူလို့ မကိုင်နိုင်လို့ တပည့်တော် ပုဂံပြားလေး လှူဖူးတယ်၊ အဲဒီကိုရင်လေးကို တပည့်တော် မေ့မရဘူးဘုရား” ဟုပြောလိုက်သည်သည်။
ဘုန်းကြီးက သူ့အိပ်ကလေးကိုဖွင့်ကာ ဟောင်းနွမ်းနေသော ပုဂံပြားလေးတစ်ချပ်ကို ထုပ်ပြပြီး
“ ဒီ ပုဂံပြားလေးလား” ဟု မေးလိုက်သည်၊ ဟုတ်ပါသည်၊ မယ်သီလရှင်လေး လှူသော ပုဂံပြားလေးဖြစ်သည်၊ နှစ်ပေါင်း (၅၃) နှစ်လောက်သိမ်းထားသောကြောင့် ဟောင်းနေတာမှတစ်ပါး အကောင်းအတိုင်းလေးရှိနေသေးသည်၊ သီရိလင်္ကာမှ အိန္ဒိယဘက်အချမ်းကို လာရသေကြောင့် ဘာမှမသယ်နိုင်သော်လည်း ပုဂံပြားလေးကိုတော့ ရအောင်သယ်လာခဲ့ပါသည်၊ ကိုရင်လေးလဲ မယ်သီလရှင်လေးကို တစ်ရက်မှ မေ့မရပါ၊ အသက် (၆၀) အရွယ်မှ ပြန်လည်ဆုံရခြင်းဖြစ်သည်၊ ထို့ကြောင့် ၂-ပါးစလုံး လူထွက်ပြီး ကျန်ရှိနေတဲ့အချိန်လေးကို လူ့ဘောင်တွင် ပျော်ပျော်ရွှင်ရွှင်ဖြစ် နေထိုင်သွားတော့သည်၊ “အတိတ်ကရေစက်”ဆိုတာ ဒါနေမှာ ဟုတွေးမိသည်၊ လွန်ခဲ့သည့် နှစ်ပေါင်း ၂၁၀၀ ခန့်က အနုရာဓပူရမြို့ ၏ အထင်ကရ ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။
ပညာတော်သင်ခရီး အပိုင်း (၈)
မိမိနှင့် စီဂီရိယသင်ခန်းစာ
မိမိတို့အဖွဲ့သည် စီဂီရိယ(အပြည့်အစုံမှာ သီဟဂီရိ) တောင်ဟု ခေါ်သော ခြင်္သေ့ကျောက်တောင်သို့ ရောက်ခဲ့ သည်၊ ထိုတောင်သည် ဒမ္ဘူလ မြို့ နားတွင်တည်ရှိသည်၊ ထိုတောင်ကိုလည်း ကမ္ဘာ့ရှေ့ ဟောင်းအမွေ အနှစ်အဖြစ် UNESCO မှ ထိန်းသိမ်း စောင့်ရှောက်ထားသည်၊ ပေ ၆၆၀ မြင့်ပြီး တောင်ထိပ်တွင် ဘုန်းကြီး ကျောင်းဟောင်း နေရာရှိနေသေးသည်၊ ကဿပဘုရင်မှ အေ. ဒီ ငါးရာစု နှောင်းပိုင်းတွင် နန်းတောင်အဖြစ် တည်ထား ခြင်းဖြစ်သည်၊ ထိုဘုရင်လက်ထက်သာ နန်းတောင်အဖြစ် တည်ရှိပြီး နောက်ပိုင်း ၁၄ ရာစုနှစ် နှောင်းပိုင်းအထိ ဘုန်းကြီးကျောင်းအဖြစ်သာ တည်ရှိခဲ့သည်။
မိမိတို့အဖွဲ့ တောင်ပေါ်သို့ တက်ကြသည်၊ တောင်အောက်မှ တောင်ပေါ်အထိ ကျောက်တောင်ဘေးတွင် ကပ်ရိုက်ထားသော သံလှေကား သေးသေး လေးသာ ရှိသည်၊ လှေကားလေးမှာလဲ လှူပ်တုပ် လှုပ်တုတ် ဖြစ်နေသည်၊ ပြုတ်ကျလိုက်လျှင် တက်နေသူအားလုံး ကိုင်စရာမရှိပဲ အကုန် မသာပေါ်ကုန် မည်သာဖြစ်သည်၊ နံရံများတွင် ရှေးနံရံဆေးပန်းချီများလည်း ရှိသည်၊ သို့သော်လည်း လှုပ်တုပ်တုပ်လှေကားလေးကြောင့် ပုံတော်ထက် ဂုဏ်တော်ကို အာရုံပြုနေရသည်၊ အောက်ကိုလှန်းကြည့်လိုက်သည့်အခါ “ဘုရား…ဘုရား…ငါ ..တော်တော် မိုက်ကမ်းလှပါလား…. မမေးမစမ်းပဲ ရမ်းတက်လာတာ…ဒီလောက်အမြင့်ကြီးကသာ ပြုတ်ကျပြီး သေသွားလို့သရဲဖြစ်ရင်တောင် သရဲဒုက္ခိတပဲ ဖြစ်လိမ့်မယ်” ဟု တစ်ယောက်ထဲ တွေးမိနေသည်။
ကြောက်ကြောက်နှင့်တက်လာရင်း နောက်ဆုံးတော့ တောင်ထိပ်သို့ ရောက်လာခဲ့သည်၊ “ဟာ…လှ လိုက်တဲ့ရှုခင်းကြီး” ပါးစပ်ကပင် ယောင်လို့ ထွက်သွားသည်၊ တောင်ပေါ်မှ ပတ်ဝန်းကျင်အားလုံးကို မြင်ရသည်၊ ပြီးတော့ လတ်ဆတ်လိုက်တဲ့လေ၊ စောစောက ပင်ပန်း၊ ကြောက်ရွံ့ခဲသမျှတွေ အားလုံးပျောက်သွားသည်၊ အော်..ဘဝဆိုတာလည်း ဒါမျိုးပါလား၊ ပြုတ်ကျမှာ မကြောက်ပဲ အမြင့်ကိုမရောက်နိုင်ပါ၊ စာဖတ်သူက ကျရှံးမှာ ကြောက်နေလျှင် သေချာသည် သင်သည် တစ်ခုခုကို ရရှိနိုင်ဖို့ ကြိုးစားအားထုတ်နေသူဖြစ်သည်၊ မကြာမီ အောင်မြင်ပါ လိမ့်မည်၊ မကျိုးစားထားသူမှာ ဘာမှ ကျရှုံးဖို့ရာ ကြောက်စရာမရှိ၊ အောင်မြင်စရာလည်းမရှိပေ၊ “ပြုတ်ကျမှာ မကြောက်ပဲ အမြင့်သို့ မရောက်နိုင်ပါ”ဟူသော အတွေးတစ်ခု ရင်ထဲဝင်လာသည်။
စီဂီရိယ သမိုင်းကြောင်းမှာ စိတ်ဝင်စားစရာနှင့် တုန်လှုပ်ခြောက်ခြားစရားများလည်း ရှိနေသည်၊ ကဿပ ဘုရင်မှာ ဘုရင်ဓာတုသေန၏ သားအကြီးဖြစ်ပြီး ကိုယ်လုပ်တော်အိမ်မှာ မွေးဖွားသောကြောင့် နန်းအမွေဆက်ခံ ခွင့်မရ၊ ဘုရင်၏သားအငယ် မောဂ္ဂလာနကသာ ဆက်ခံခွင့်ရသည်၊ ဘုရင်ဖြစ်ချင်သော ကဿပမင်းသားမှာ စစ်သူကြီးမိဂါရအကူအညီဖြင့် ဖခင် ဓာတုသေန ဘုရင်ကို ဖယ်ရှားပြီး ထောင်သွင်းအကျဉ်းချကာ အာဏာသိမ်း၍ ဘုရင်ပြုလုပ်ခဲ့လေသည်၊ ထို့နောက် စစ်သူကြီး၏ ကုန်းချောမှုဖြင့် ဘုရင့်ထံမှာ ရတနာသိုက်တောင်းရာ ဓာတုသေနဘုရင်မှာ မိမိရတနာသိုက်မှာ မိမိတည်ဆောက်ထားသော ဆည်မြောင်းသာဖြစ်ကြောင်း ပြောသည့်အတွက် စိတ်ဆိုးကာ ဖခင်ကို အရှင်လတ်လတ် တံတိုင်းထဲတွင် မြုတ်ပြီး သတ်ပြစ်လိုက်သည်။
ရဟန်းပြည်သူတို့က လေးစားကြည်ညိုသော ဘုရင်ဓာတုသေနကို ထိုကဲ့သို့ ပြုလုပ်လိုက်သောကြောင့် အိန္ဒိယတောင်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်နေသော ညီတော် မောဂ္ဂလာနနှင့် ရဟန်းပြည်သူများမှာ မခံမရပ်နိုင် အောင် ဒေါသဖြစ်သွားကြသည်၊ ကဿပဘုရင်လည်း ပုန်ကန်မည်ကို ကြောက်သောကြောင့် အနုရာဓပူရမြို့ မှ ယခု စီဂီရိယတောင်ထိပ်တွင် နန်းတော် တည်ဆောက်ထားခြင်းဖြစ်ပါသည်၊ မြို့ ရိုး၊ ကျုံး၊ ဥယျာဉ်ကြီးများ၊ ရေကန်ပေါင်းများစွာတို့ကိုလည် ကာကွယ်ရေးအတွက် ခန်းခန်းနားနား တည်ဆောက်ထားခဲ့သည်၊ (ယခုထက်တိုင်လည်း လေ့လာနိုင်သေးသည်) သို့သော်လည်း ညီတော် မောဂ္ဂလာနတို့ စစ်အောင်သော ကြောင့် နန်းသက် (၁၈)နှစ်အကြာတွင် ဘုရင်ကဿပသည် ကိုယ့်ဓားဖြင့် ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားတော့သည်။
ပညာတော်သင်ခရီး အပိုင်း (၉ )
(ဘုရားဖူးထွက်ရာတွင် မှတ်မိသော နေရာတို့၏ သမိုင်းကြောင်းကို အနည်းငယ်စီ ဗဟုသုတအလို့ငှာ ဖော်ပြပေး ပါမည်)
ကလျာဏီမြစ်ကမ်း သက်သေတည်
လွန်ခဲ့သည့် နှစ်ပေါင်း ၂-ထောင်နီးပါးက အဖြစ်အပျက်ကလေးဖြစ်သည်၊ ကလျာဏီကမ်းနဖူးတွင်တည်ရှိသော ကေလနိယကျောင်းမှ ရဟန်းငယ်တစ်ပါး ကာလဒီဃဝါပိဒွါရ ပရိယတ္တိ စာသင်တိုက်တွင် စာပေ သင်ကြား နေသည်၊ ထိုစာသင်တိုက်၏ စည်းကမ်းမှာ ရွာထဲသို့ မည်သည့် အကြောင်းကြောင့်မှ မသွားရဟူသော စည်းကမ်းရှိသည်၊ ရွာထဲသို့ ကြွလျှင် ဒုက္ခရောက်မည့်အကြောင်းကိုလည်း ဆရာတော်မှ မကြာခဏ မိန့်ကြားလေသည်၊ တစ်ရက်တွင်…..ရဟန်းငယ်တစ်ပါးမှာ ဆရာတော် ဘာကြောင့်များ ခဏခဏပြောနေတာလဲ ဟုသိချင်သောကြောင့် နွေရာသီကျောင်းပိတ်ချိန် ကေလနိယ ကျောင်း အပြန်တွင် ရွာထဲမှ ဖြတ်ကြွသွားသည်။
ထိုအချိန်တွင် အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျို ငယ်ငယ်ချောချော တစ်ယောက် ဆန်ပြုတ် ပုဂံကိုင်ပြီး ထွက်လာသည်၊ ရဟန်းငယ်လည်း ဆွမ်းလောင်းတော့မည်ဟု သိသောကြောင့် မျက်လွှာချပြီး ရပ်ပေးလိုက်သည်၊ အနီးသို့ရောက်လာသည့်အခါမှသာ အမျိုးသမီးငယ်ငယ် ချောချော တစ်ယောက် ဖြစ်နေသည်ကို သိလိုက်သည်၊ အမျိုးသမီးလေးသည် ရဟန်းငယ်၏ မျက်နှာကို အသေအချာ ကြည့်လိုက်သည်၊ ရဟန်းငယ်၏ မျက်နှာမှာ တည်ငြိမ်နေသည်၊ ကြည်လင်နေသည်၊ ထို့နောက် အမျိုးသမီးလေးမှ ပါလာသည့် ယာဂုပူပူကို လောင်းလှူလိုက်လေသည်၊ စကား တစ်ခွန်းနှစ်ခွန်းလောက် ပြောချင်သည်၊ သို့သော်လည်း စကားထွက်မလာသေးခင်မှာပင် ရဟန်းငယ်မှာလည်း ဆက်ကြွ သွားပါပြီ၊ ဘာမှမပြောပဲ အိပ်ခန်းထဲသို့ ပြေးဝင်သွားကာ အိပ်ယာပေါ်လှဲပြစ်လိုက်သည်။
မိဘများမှာ “ ဘာများဖြစ်သွားတာပါလိမ့်”ဟု စိုးရိမ်ပြီးဝင်လိုက်သွားပြီး အကျိုးအကြောင်း မေးကြည့်သည်၊ “ရဟန်းငယ်ကို မြင်မြင်ချင်း မေတ္တာသက်ဝင်မိသွားပြီး သူ့ကိုမှမရလျှင် ဘာမှမလုပ်တော့၊ နောက်ဆုံး အစားပင် မစားတော့” ဟု ဆိုသောကြောင့် မိဘများမှာ ငယ်ထိပ်ကို မြွေပေါက်ခံလိုက်ရသလို ဖြစ်သွားတော့သည်၊ သီရိလင်္ကာသည် ဘာသာရေးအလွန် လေးစားသော နိုင်ငံဖြစ်သောကြောင့် ဒီအကြောင်းသာ သိသွားလျှင် ပတ်ဝန်းကျင်က ပြောမည့်အရေး တွေးကြည့်ရင်းပင် မဖြစ်နိုင်လှ။
သို့သော်လည်း မိမိတို့သမီး စိတ်ဓာတ်ကို သိသော မိဘများမှာ သမီးထက် ဘာမှအရေးမကြီးနိုင် သောကြောင့် ထိုရဟန်းငယ်နောက်မှ ပြေးလိုက်သွားပြီး ထိုရဟန်းငယ် ဆွမ်းစားပင့်သည်၊ ရဟန်းငယ်က လက်မခံပေ၊ လက်မခံသည့်အခါ စောစောလေးကမှ ဆွမ်းထွက်လောင်းသော သမီးပျို၏ မိဘများ ဖြစ်ကြောင်း၊ မိမိတို့မှာ စည်းစိမ်ဥစ္စာကြွယ်ဝ၍ မိမိတို့မှာ သမီးလေးတစ်ယောက်သာရှိ၍ (မျက်နှာပူပူနှင့်) သမီးလေးနှင့် လက်ထပ်ပြီး သားကြီးနေရာမှ နေဖို့အကြောင်း လျှောက်လေသည်။
ရဟန်းငယ်မှာ “အော်….ဒီလိုတွေ ဖြစ်မှာစိုးလို့ ….ဆရာဘုန်းကြီးက ရွာထဲကို မကြွခိုင်းတာကိုး” ဟုတွေး မိပြီး “ မဖြစ်နိုင်ဘူး” ဟု ငြင်းကာ ဆက်ကြွသွားသည်။
မိဘများအပြန်ကို မျှော်နေသော အမျိုးသမီးငယ်မှာ ရဟန်းငယ် ပါမလာသောကြောင့် သောကများစွာနှင့် အစာ မစားပဲ နောက်ဆုံး အသေခံသွားသည်။ မိဘများမှာ “ငါတို့သမီးလေး ကုသိုလ်ရပါစေတော့” ဟုဆိုကာ သမီးလေး မသေခင် ဝတ်ထားသော အဝါရောင် ဝတ်စုံလေးကို ရွာဦးကျောင်းကို လှူလိုက်သည်၊ ဇာတ်လမ်းအစုံကို သိသော ရွာဦးကျောင်းမှ ဦးဇင်းလေးလဲ ထိုဝတ်စုံကို ကေလနိယဘုရားဖူးရာတွင် ယူသွားပြီး ကေလနိယကျောင်းမှ ထိုရွာထဲတွင် ဆွမ်းခံကြွသော ရဟန်းငယ်ကို “ ဒီအဝတ်လေးက ရွာထဲက အမျိုးသမီးလေး အဝတ်ဖြစ်ကြောင်း၊ ဦးဇင်းအပေါ် စွဲလမ်းစိတ်နဲ့ပဲ သေသွားလို့ ဒီအဝတ်လေးကို လှူလိုက်တာ” ဟု ဆိုကာ ထိုအဝါရောင် အဝတ် ကလေးကို ပေးလိုက်သည်။
ထိုရဟန်းငယ်လည်း အဝါရောင်အဝတ်လေးကို မှတ်မိသည်၊ ထိုအဝါရောင်းအဝတ်လေးကို ကိုင်ကာ သနှားစဖွယ် အပြစ်ကင်းစင်သော အမျိုးသမီးလေးမျက်နှာကို မြင်ယောင်ပြီး “ အော်…ငါ့အပေါ် တကယ်မေတ္တာရှိ ရှာတာပဲ…ငါသာ လက်ခံလိုက်ရင် သူ…ဒီလိုဖြစ်သွားမှာ မဟုတ်ဘူး…” ဟုတွေးမိပြီး ယူကြုံးမရ ဖြစ်သွားသည်။ ထိုအဝါရောင်ဝတ်စုံလေးကို ကိုင်းရင်း တမှိုင်မှိုင်တတွေတွေနှင့် မစားနိုင် မသောက်ဖြစ်ကာ နောက်ရက် အနည်းငယ်တွင် ထိုရဟန်းငယ်လေးလည်း ပျံတော်မူသွားသည်။ ကလျာဏီ ကမ်းမှ သနှားစရာ ဇာတ်လမ်း * လေးဖြစ်သည်၊ နောက်ဘဝတွေမှာများ ထပ်များတွေ့ ခဲ့ရင် ဒီလိုအဖြစ်မျိုးတွေ မကြုံပါစေနဲ့ဟု စိတ်ထဲမှာပဲ ဆုတောင်းပေးခဲ့ပါသည်။
*(မစ္ဈိမနိကာယ အဋ္ဌကထာ)M. A. P 353-354. (အင်္ဂုတ္တရနိကာယအဋ္ဌကထာ) A.A p. 13. Hostory of Buddhism in Ceylon. P.188
အာလုဝိဟာရ ကျောက်ဆောင်ကျောင်းတော်
ကန်ဒီမြို့  မြောက်ဘက် ကီလိုမီတာ (၃၀) ခန့်အကွာတွင် တည်ရှိသည်၊ B.C သုံးရာစုတွင် ဒေဝါနံပိယတိဿမင်း ကြီး လှူဒါန်းထားသော ကျောက်အတိပြီးသော ကျောင်းတော်ဖြစ်သည်၊ ကျောင်းထဲကို ဝင်သွားသည်နှင့် တစ်ပြိုင်နက် အေးစိမ့်သွားသည်၊ တိတ်ဆိပ်ငြိမ်သက်နေသည်။
ကျောင်းတော်ကြီး၏ ထင်ရှားရသည့်အကြောင်းအရာမှာ စာတတ်ပေကျော် ရဟန္တာ ငါးရာတို့ ပိဋကတ်တော် များကို ရွတ်ဆိုခြင်း၊ တည်းဖြတ်ခြင်းတို့ပြုလုပ်ပြီးနောက် ပေထက်အက္ခရာတင်၍ စတုတ္ထသင်္ဂါယနာ တင်ခြင်းကို ထိုကျောင်းတော်တွင် ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
B.C ၁. ရာစု ဝလဂမ္ဘမင်းလက်ထက် ငတ်မွတ်ခေါင်းပါးဘေးနှင့် အိန္ဒိယတောင်ပိုင်းသူပုန်တို့၏ ကျူးကျော် မှုကြောင့် သီရိလင်္ကာတွင် ၁၂ နှစ်ကြာ အစာရေစာ ငတ်မွတ်ခေါင်းပါးဘေး ဖြစ်လေသည်။
ရဟန်းတော်တို့မှာ အိန္ဒိယတောင်ပိုင်းတွင် ခဲခဲယဉ်းယဉ် အသက်ရှင်ကြရပြီး တိုင်းပြည်အေးချမ်းသွားသည့်အခါ သီရိလင်္ကာကို ပြန်လာကြပြီး ထိုအာလုဝိဟာရကျောင်းတော်တွင် နောက်နောင် ဒါမျိုးကြုံလျှင် ပိဋကတ်တော်များ ပျောက်ကွယ် သွားမည်ကို စိုးရိမ်သောကြောင့် ပေထက်အက္ခရာ တင်ခဲ့ခြင်း ဖြစ်လေသည်။
မဟာစေတီ
စေတီတော်မှာ ၃၃၈ပေမြင့်ပြီး ၉၅၁ ပေ အကြယ်အဝန်းရှိလေသည်၊ရှေးတုန်းကဆိုလျှင် စေတီကို နေပြောက် မထိုး လောက်အောင်ကို ရဟန္တာများ လာဖူးသော စေတီဟု အဋ္ဌကထာဆရာတို့ ညွန်းသော စေတီဖြစ်သည်။ မဟာစေတီကို ဒုတုဂေမုနုဘုရင်မှ B.C 140 တွင် တည်ထားကိုးကွယ်သော စေတီဖြစ်သည်၊ ဒုတုဂေမုနုဘုရင်သည် မြတ်စွာဘုရားဓာတ်တော်များကို ဌာပနာထားလိုကြောင်း သံဃာတော်အရှင်မြတ်များကို လျှောက်ရာတွင် သံဃာတော်များမှလည်း ဈာန်အဘိဉာဉ်ရ သာမဏ ရှင်သောဏုတ္တရကို ပင့်ဆောင်ခိုင်းရာ နဂါးပြည်မှ ဓာတ်တော်များကို ရှင်သောဏုတ္တရာမှ ပင့်ဆောင်ခဲ့ပြီး သံဃာတော်များကို ကပ်လှူလေသည်။
သံဃာတော်များမှ ဘုရင်ကြီးအား ထပ်မံ ပေးအပ်လေသည်၊ နတ်ဗြဟ္မာ အခြံအရံတို့ဖြင့် မြတ်စွာဘုရား ဓာတ်တော်ကို ဌာပနာထားလေသည်။
ထူပဝံသတွင် ဒုဋ္ဌဂါမဏိမင်းလက်တွင် မြတ်စွာဘုရားဓာတ်တော်တို့ကို ခေါင်းပေါ်တင်၍ ပင့်ဆောင်လာရာ ဓာတ်တော်တို့မှ လက္ခာဏာတော်ကြီးငယ်တို့နှင့် ပြည့်စုံသော မြတ်စွာဘုရားအသွင် ပေါ်လာပြီး ရေမီးအစုံ တန်ခိုးပြာဋိဟာပြတော်မူသောကြောင့် သန်းပေါင်းများစွာသော လူ နတ် ဗြဟ္မာတို့ ကျွတ်တမ်းဝင်သွားကြောင်းကို မှတ်တမ်းတင်ထားလေသည်။
ပညာတော်သင် ခရီး အပိုင်း (၁၀)
ဇယသီရိမဟာဗောဓိပင်
မြတ်စွာဘုရား ပွင့်တော်မူသော အိန္ဒိယရှိ မဟာဗောဓိပင်၏ တောင်ကိုင်းကို ကူး၍ သီရိလင်္ကာတွင် စိုက်ပျိုးထားသော ဇယသီရိ မဟာဗောဓိပင်ကိုလည်း အနုရာဓပူရမြို့ တွင် ဖူးတွေ့ နိုင်သည်၊ ဘီ.စီ ၃-ရာစုတွင် အသောကမင်းကြီး ၏သမီး သံဃမိတ္တာထေရီမှ ယူဆောင်လာကာ စိုက်ပျိုးထားခြင်းဖြစ်သည်၊ သက်တမ်း အကြာဆုံး လူစိုက်ပျိုး သည့် ဘာသာရေးအထိမ်းအမှတ် အပင်အဖြစ် အသိအမှတ်ပြုခံထားရသော အပင်ဖြစ်သည်၊ တောဆင်ရိုင်း စသော အန္တရာယ်မှ ကာကွယ်ဖို့ရန်လည်း ၁၀-ပေ အမြင့်ရှိသော တံတိုင်းကြီးကိုလည်း တည်ဆောက်ထားသည်။
ဂိတ်ဝတို့တွင် လက်နက်အပြည့်ရှိသော စစ်သားများလည်း စောင့်ကြပ်နေကြသည်၊ နှစ်ပေါင်း ၂၃၀၀ နီးပါးရှိသော မဟာဗောဓိပင် ပျက်စီးမှာ စိုးသောကြောင့် မဟာဗောဓိပင်၏ ပတ်ပတ်လည် မီတာ-၅၀၀ တွင် မည်သည့် အဆောက်အဦးကိုမှ ထပ်ဆောက်ခွင့် ပေးမထားတော့ပါ၊ သီရိလင်္ကာတွင် ဘုရားကို ကျောပေးခြင်းသည် အင်မတန်း ရိုင်းပြသည်ဟု ယုံကြည်ကြသည်၊ ထို့ကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ဗောဓိပင်ကို ကျောပေးပြီး ရိုက်ခွင့်မရှိပေ၊ သို့သော်လည်း တစ်ပုံရအောင်တော့ ခိုးရိုက်ခဲ့သေးသည်။ ( ယခုအချိန်တွင် သူ့နေရာတွင် သူ့စည်းကမ်းကို လိုက်နာဖို့ရာ အဆင်သင့်ဖြစ်နေပါသည်)
မဟာဝိဟာရ ကျောင်းတော်ရာ
ဘီ.စီ ၃-ရာစုတွင် ဒေဝါနံပိယတိဿမင်းကြီးကောင်းမှုလည်းဖြစ်၊ အေ.ဒီ ၅-ရာစုတွင် ပေါ်ပေါက်ခဲ့သော ကျမ်းပြုအကျော် အရှင်မဟာဗုဒ္ဓဃောသ သီတင်းသုံးသွားသော မဟာဝိဟာရကျောင်းနေရာသို့ ရောက်သည့် အခါ ကျေနပ်မှု တို့နှင့်အတူ ကြက်သီး… ငှက်သီး ..များပါ ထသွားခဲ့သည်၊ ကျမ်းပြုအကျော်၏ ကျမ်းပေါင်းများစွာကို ပြုစုသွားနေရာကို ခြေချမိလိုက်သည်နှင့် ထိုအရှင်၏ ဝီရိယဓာတ်၊ ဉာဏ်ပညာတို့အရှိန်တို့ လာရိုက်ခတ်သလို ခံစားရသည်၊ ထိုအရှင်ကဲ့သို့ ကြိုးစားဖို့အဓိဋ္ဌာန်မပြုဘဲ “အရှင်ဘုရားလို အောင်မြင်ရ ပါလို၏” ဟု ရလိုရငြား လူပျင်းဆုတောင်းလေး တောင်းလာ ခဲ့သည်။
မိမိနှင့် မိမိတက္ကသိုလ်
မိမိတက်သော တက္ကသိုလ်မှာ ဟောမဂါမတွင် ရှိသော Buddhist and Pali University ဖြစ်သည်၊ ကိုလံဘို (၉ ) တွင်ရှိသော မြန်မာကျောင်းနှင့်ဆိုလျှင် ၄၅ ကီလိုမီတာ ကျော်ကျော်ဝေးသောကြောင့် လိုင်းကားနှင့်ဆိုလျှင် ၁ နာရီခွဲနှင့် တစ်နာရီခွဲ အထက်စီးရသည်၊ ဝေးသည့်အတွက် “ကျောင်းသွားရတာ အဆင်ပြေရဲ့လား” ဟု မေးလျှင် ပြေပါသည်၊ မျက်လုံးမှိတ်ထားလျှင် အိပ်ယာထဲမှာကဲ့သို့ နှစ်နှစ်ချိုက်ချိုက်သာမက သုံးသုံး ချိုက်ချိုက်အထိပင် အိပ်ပျော်သော မိမိအဖို့ ဘာမှမဖြစ်၊ လိုင်းကားပေါ် စတက်တက်ချင်းမှာ မိမိဘေးမှာ လူတစ်ယောက်၊ တက္ကသိုလ်မှတ်တိုင်ရောက်လို့ ကြည့်လိုက်သည့်အခါ အခြားလူတစ်ယောက်၊ လမ်းမှာ ဘယ်နှစ်ယောက် ပြောင်းသွားသလဲဆိုသည်ကို မိမိမသိပါ၊ တက္ကသိုလ်ရောက်သည့်အခါ အိပ်ရေးဝပြီး လန်းဆန်းနေလေသည်။
“ဘာကြောင့် ဝေးသည့်တက္ကသိုလ်ကို ရွေးရပါသလဲ ” ဟုမေးလာပါလျှင် မရှက်တမ်းဖြေရလျှင် ပိုက်ဆံမရှိသောကြောင့် ဖြစ်သည်၊ မိမိတက်သော တက္ကသိုလ်မှာ အစိုးရတက္ကသိုလ်ဖြစ်သောကြောင့် ကျောင်းစရိတ် သက်သာသည်၊ သို့သော် အောင်ဖို့ရာ ခဲယဉ်းသည်၊ အောင်ဖို့ခဲ့ယဉ်းသည်ကို ကြိုးစားခြင်းဖြင့် ရှင်းနိုင်သည်၊ ကျောင်းစရိတ် မတတ်နိုင်သည်ကိုတော့ မရှင်းတတ်။
မြန်မာနိုင်ငံမှ ဘာမှအဆင်သင့် မဖြစ်သေးဘဲ ထွက်လာစဉ် ဟိုကျရင် ဘယ်လိုလုပ်မလဲ ဟူသော အမေးကို “ ဟိုရောက်မှ ဓားပြဖြစ်ရင်လည် တိုက်ယုံပဲ၊ သူတောင်းစားဖြစ်ရင်လည်း တောင်းယုံပဲ၊” ဟု ကြုံးဝါးပြီး ထွက် လာခဲ့သည်၊ တကယ်တမ်းကျတော့ တောင်းစားဖို့ နေနေသာသာ ပိုက်ဆံပင် မချေးငှားရဲပါ၊ ဓားပြတိုက်ဖို့ နေနေ သာသာ ဘဏ်ထဲရောက်လျှင် စကားပင် ကျယ်ကျယ်မပြောရဲခဲ့ပါ။
ဘာပဲပြောပြော တောသားတစ်ယာက် အခြားနိုင်ငံတစ်ခုတွင် တက္ကသိုလ်ကျောင်းသား တစ်ယောက်တော့ ဖြစ်လာခဲ့ပါပြီ။ တောသားပင် ဖြစ်သော်လည်း အချိန်တိုအတောအတွင်းမှာပင် ကျောင်းပြေးခြင်း အတတ်ပညာကို ကျွမ်းကျင်စွာ တက်မြောက်ခဲ့ပြီး အခြား နိုင်ငံမှ သူငယ်ချင်း များကပင် “ကျောင်းအပြေးဆုံး သူ” ဟု အသိအမှတ်ပြုခြင်းကို ခံရသည်၊ “ကျောင်းပြေး” ခြင်းဟူသည် တက္ကသိုလ်ကို လာပြီး အတန်းမတက်သည်ကို မဆိုပါ၊ ကျောင်းမှ တက္ကသိုလ်ကို လာကို မလာခြင်း ကို ဆိုလိုသည်။ (ကျောင်းပြေးခြင်း အနုပညာကို ဆက်လက်ဖော်ပြပါမည်)
ပညာတော်သင်ခရီး အပိုင်း (၁၁)
ကျောင်းပြေးခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများနှင့် ကျောင်းပြေးခြင်း၏ နောက်ကွယ်၌
တက္ကသိုလ်တစ်ခုတွင် စည်းမျဉ်း စည်းကမ်း၊ အုပ်ချုပ်မှု၊ သင်ကြားမှုပုံစံစသည်တို့တွင် အားနည်းချက် ရှိတတ်သည်၊ ထိုအားနည်းချက်ကို ကျောင်းသား၊ ဆရာ၊ အုပ်ချုပ်ရေးအဖွဲ့တို့ စုပေါင်းပြီး ပြုပြင်ယူမှ ထိုတက္ကသိုလ်တို့ တိုးတက်လာကြသည်၊ မိမိတို့တက္ကသိုလ်၏ အားနည်းချက်ကို မိမိတို့အဖွဲ့သည် အန္တရာယ်နှင့်ရင်းပြီး ပြုပြင်ပေးခဲ့သည်၊ ဘယ်လို ပြုပြင်ပေးခဲ့ သလဲဟု မေးလျှင် ကျောင်းပြေးပြီး ပြုပြင်ပေးခဲ့ သည်။ ပထမဆုံးအနေဖြင့် ကျောင်းပြေးခြင်း၏ ဆိုးကျိုးကို ပြောပြလိုသည်။
ကျောင်းပြေးဂုဏ်ကျော်စောမည့် မိမိသည် အချိန်ဇယားတွင် စိတ်အဝင်စားဆုံး ဘာသာရပ် ၂-ခုကို မှတ်လိုက်ပြီး ထိုရက်နှစ်ရက်တွင် တက္ကသိုလ်ကို သွားသည်၊ ကျန်သည့် ၃-ရက်တွင် တက္ကသိုလ်ကို မသွားပါ။ နှစ်ပေါက်ကို မသွားပါ။ (ထိုဘာသာရပ်များ လေ့လာပုံကို နောက်မှပြောပြပါမည်) ထို့ကြောင့် တစ်ချို့ ဆရာကို မြင်ကို မမြင်ဘူးပါ။ (ဆရာကို မသိလောက်အောင်ကို ကျောင်းပြေးသောကြောင့် မိမိ မဟာချူလာလောင်ကွန် တက္ကသိုလ်တွင် ကထိက လုပ်သည့်အခါ ကျောင်းပြေးသော ကျောင်းသူ ကျောင်းသားများကို မိမိ ဘာမှမပြောခဲ့ပါ)
နှစ်ကုန်ခါနီးတစ်ရက်တွင် ဗီဇာသက်တမ်းတိုးရန်အတွက် ပါမောက္ခဘုန်းကြီးတစ်ပါးထံမှ ဆိုင်းလက်မှတ် ယူရသည်၊ ထိုဘုန်းကြီးမှာ Pali Grammar ပို့ချသည့် ဆရာဖြစ်သည်ဟု သူငယ်ချင်းများပြောပြ၍ သိရသည်၊ ထိုဘုန်းကြီးထံ လက်မှတ်ထိုးပေးဖို့ သွားလျှောက်သည့်အခါ “ငါက ပထမနှစ်ကျောင်းသားတွေနဲ့ပဲ ဆိုင်တာ..ဦးဇင်းက ဘယ်နှစ်ကျောင်းသားလဲ” လို့မေးတော့ “ တပည့်တော် ပထမနှစ် ကျောင်းသားပါဘုရား” လို့ဖြေလိုက်တော့ လူကို အသေအချာကြည့်ပြီး “ မင်းကို ငါ တစ်ခါမှ မတွေ့ဘူးပါ” တဲ့။
ဟုတ်ပါသည်၊ မိမိလည်း ထိုပါမောက္ခကြီးကို တစ်ခါမှ မတွေ့ဘူးပါ၊ သို့သော်လည်း မတတ်နိုင်ပါ၊ မမှန်စကားကိုတော့ ဆိုရပါတော့မည်၊ “မုသားမပါ လင်္ကာမချော” မဟုတ်ပါ၊ “မုသားမပါ ဗီဇာမရ” ဖြစ်သည်၊ ထို့ကြောင့် “အရှင်ဘုရား pali Grammar ပို့ချတာ၊ တပည့်တော် လာရောက်သင်ယူပါတယ် ဘုရား…တပည့်တော်က နောက်ဆုံးအတန်းမှာ ထိုင်လို့ ဆရာတော် မသိတာပါဘုရား…” ဟု ခပ်တည်တည်ပဲ လျှောက်လိုက်သည်၊ သိပ်ပြီးယုံကြည်ပုံမရသော်လည်း မိမိစကားမှာ ဖြစ်နိုင်ခြေရှိနေ သောကြောင့် လက်မှတ်ထိုးပေးလိုက်သည်။
ကျောင်းပြေးခြင်းအနုပညာကြောင့် စာမေးပွဲမှာ ပြဿနာတက်ဘူးသည်၊ ပထမနှစ်ကျောင်းသားများ ဘာသာရပ် (၆) ခုအပြင် Oral Test ခေါ် နုတ်ဖြေစာမေးပွဲလည်း တစ်ခုပါသည်၊ တက္ကသိုလ်တွင် ကျောင်းသားများ အင်္ဂလိပ်စာ တိုးတတ်ရေးအတွက် သင်ကြားသော ဘာသာရပ်များအပြင် အခြား အတန်းတစ်ခုလည်း ရှိသေးသည်၊ ထိုအတန်းကိုလည်း တစ်ရက်မှ မတက်ဘူးပါ၊ ဆရာ ဘယ်သူဆိုတာပင် မသိပါ၊ သီရိလင်္ကာကျောင်းသားများလည်း မတက်ကြပါ၊ နိုင်ငံခြားသား ကျောင်းသာ ၇/၈ ယောက်လောက်သာ တက်ပါသည်၊ ထိုသင်တန်းအတွက် စာမေးပွဲ မဖြေခင် တစ်ရက်အလိုမှာ Oral Test အဖြစ် ကျောင်းသား တစ်ဦးကို ၃/၄ မိနစ်ခန့် ရောက်တတ်ရာရာ မေးခွန်းများမေးသည်။ ထို့နောက် Comprehension test အဖြစ် ရေးဖြေတစ်ခု ဖြေရသည်။
Oral Test ဖြေဆိုရန် အလှည့်ရောက်သည့်အခါ ဆရာ တစ်ဦးထံ သွားပြီး ထိုင်ရသည်။ မိမိသည် တော်တော်လေး ကြိုးစား ပြုံးထားပြီး “ ဆရာ…နေကောင်းလား” ဟု မေးလိုက်သည်။ ( မိမိကို မေးခွန်းမေးမည့် သူမှာ အင်္ဂလိပ်စာ သင်တန်းဆရာဖြစ်နေသည်၊ သို့သော် မိမိ မသိပါ)
ဆရာ။ ကောင်းတယ်…….ဒါနဲ့….မင်း ပထမနှစ်ကျောင်းသား မဟုတ်လား…….ဘာဖြစ်လို့ ငါ့ သင်တန်း မလာတာလဲ…..ဟု မိတ်ဆက် စကားမဖြေပဲ ငေါက်ဆက်စကားဖြေသည်။
မိမိ။ (“လာပါသည်” ဟု ညာမရသော အခြေအနေဖြစ်၍ အတိုးကြီးကြီးဖြင့် ချေးငှားယူထားသော အပြုံးဖြင့်) ဆရာ့သင်တန်းကို တကယ် လာချင်ပါတယ် ဆရာ……ဒါပေမဲ့ ဆရာသင်တန်းချိန်မှာ ကျောင်းမှာ မဖြစ်မနေလုပ်ရမည့်……….
ဆရာ။ အဲ ဒါတွေ ပြောလို့မရဘူး… ဒါက စည်းမျဉ်း….. တက္ကသိုလ်စည်းမျဉ်းကွ….. တက္ကသိုလ်ကျောင်းသား ဆိုတာ တက္ကသိုလ် စည်းမျဉ်းကို လိုက်နာရတယ်။ ( ဒေါကြီးမောကြီးဖြင့် ပြောသည်)
ပြုံးရမှာကို ပျင်းသော မိမိစရိုက်အဖို့ ထိုဆရာအတွက် အတိုးကြီးကြီးဖြင့် ချေးငှားထားသော အပြုံးများမရှိ တော့ပဲ ဈေးချောင်ချောင်ဖြင့် ရသော ဒေါသများဖြင့်)
မိမိ။ ဒါနဲ့ နေပါအုံး……အဲဒီ စည်းမျဉ်းက နိုင်ငံခြားသား ကျောင်းသားတွေ အတွက်တင်လား၊ ဒါမှမဟုတ် Local ( သီရိလင်္ကာ) ကျောင်းသားတွေ အတွက်ရောလား……
ဆရာ။ (ဒေါသတကြီးဖြင့်) စည်းမျဉ်းဆိုတာ အားလုံးအတွက်ကွ…..
မိမိ။ အဲဒါဆိုရင် သင့် အတန်းထဲမှာ Local ကျောင်းသား ဘယ်နှစ်ယောက် တက်လို့လဲ၊ ဘာပြုလို့ သူတို့ကျ မပြောတာလဲ…..
( Local ကျောင်းသားများမှာ Student Union ရှိသောကြောင့် ဆရာများ တော်ယုံတန်ယုံ အကြောင်းအရာကို မပြောရဲကျ၊ နိုင်ငံခြားသားကျောင်းသားများကို Student Union မှတ်ပုံတင် ချမပေးပါ)
ဆရာ။ ……..ပြောစရာ စကားမရှိပဲ ဒေါသပိုထွက်သွားသောကြောင့် မျက်လုံးကြီး ပြူးလာသည်။
မိမိ။ အဲဒါ အသင်အပြ မကောင်းလို့ ကျောင်းသားတွေ မလာကြတာနေမှာ…..ဟု ထပ်ဆောင်းပြောလိုက်သည်။ ထိုဆရာဒေါသမှာ အထွတ် အထိပ်မှာ တစ်ထိပ်သာမဟုတ် နှစ်ထိပ်လောက်ပင် ရောက်သွားသည်။
ဆရာ။ အဲဒါတွေ နားမလည်ဘူး….မင်း အတန်းကို လာကို လာရမယ်……
ထိုနောက်…မိမိဝါသနာကို မေးသည်၊ စာရေးဆရာဖြစ်ချင်ကြောင်းကို ပြန်ဖြေလိုက်သည်၊ စာသင်ခန်းထဲရှိ စားပွဲပေါ်တွင် စာရွက် ခဲတံတင်ထားသော ပုံပါသည့် စာရွက်တစ်ရွက်ထုတ်ပေးပြီး
ဆရာ။ ပုံထဲမှာ မြင်တာတွေ ပြော………
မိမိ။ အခန်းထဲမှာ…. စားပွဲတစ်လုံးရှိတယ်၊ စာရွက် တစ်ရွက်၊ ခဲတံတစ်ချောင်းရှိတယ်……..ဟု ပြောပြီးရပ်နေသည်။
ဆရာ။ ဆက်ပြော……..
မိမိ။ ကုလားထိုင်တွေရှိတယ်….လူတော့ တစ်ယောက်မှ မရှိဘူး…ဟု ပြောပြီး ရပ်နေသည်။
ဆရာ။ မင်းက စာရေးဆရာ လုပ်ချင်တယ် ပြောပြီး ဘာမှလဲ မပြောနိုင်ဘူး၊ ဘာအတွေးအခေါ်မှလည်း မရှိဘူး…..ဟုပြောသည်။
မိမိ။ ငါ စာရေးမှာက အကြောင်းအရာတွေ ဖတ်ပြီးရေးမှာ၊ သုတေသန လုပ်ပြီးရေးမှာ…..မင်းပေးတဲ့ ပုံကို ကြည့်ပြီး ရေးမှာ မဟုတ်ဘူး…..ဟု ပြန်ပက်သည်။
ထိုဆရာ၏ ဒေါသမှာ ထပြီး နဘမ်းမလုံးရုံတမယ် ထွက်သည်၊ ဤသို့ဖြင့် မိမိ၏ Oral Test မှာ Quarreled Test အဖြစ်သို့ပြောင်းသွားသည်၊ အခြားသူများ ၃/၄ မိနစ်သာကြာသော်လည်း မိမိမှာ ၁၅ မိနစ်ကျော်ကျော် ကြာသည်၊ စာမေးပွဲစစ်တာ၊ စာမေးပွဲဖြေတာနှင့် မတူပဲ ရန်ဖြစ်တာနှင့် တူသောကြောင့် မိမိတို့ကို အခြားသူများက လှည့်ကြည့် လှည့်ကြည့်လုပ်သွားကြသည်။
“ သွားလို့ ရပြီ” ဟုပြောသောကြောင့် ထပြန်ပြီး လှည့် ကြည့်လိုက်ရာတွင် မိမိနာမည်နောက်၏ အမှတ်ပေး နေရာတွင် မိမိတို့ ဆွမ်းစားသော သပိတ်နှင့်တူသော Zero ပြူးပြူးကြီးကို တွေ့လိုက်ရသည်။ သို့သော်လည်း ရေးဖြေအမှတ်ကောင်းသောကြောင့် ထိုဘာသာကို ‘B’ တော့ ရလိုက်သည်။
ပညာတော်သင်ခရီး အပိုင်း (၁၂)
ကျောင်းပြေးခြင်း၊ ထောင်ဖောက်ခြင်းနှင့် စာမေးပွဲ ဂေဇက်
တက္ကသိုလ်စည်းမျဉ်းမှာ ၇၅ ရာခိုင်နှုန်း ကျောင်းတက်မှ စာမေးပွဲဖြေခွင့်ရသည်၊ မိမိမှာ ကျောင်းတက်သည့် ရာခိုင်နှုန်းမှာ ၂၅ လောက်သာရှိသော်လည်း “ဦးအာသဘ”ခေါ်သော သူငယ်ချင်းတစ်ပါးမှ လက်မှတ် ထိုးပေးသောကြောင့် ကျောင်းတက်ရာခိုင်နှုန်းမှာ (လက်မှတ်အလို) အပြည့်ဖြစ်နေသည်။ မိမိကဲ့သို့ကျောင်းသား များလည်း မနဲလှပေ။ အတန်းထဲတွင် ကျောင်းသား ၂၀ လောက်သာရှိသော်လည်း တက်ရောက်သည့် ကျောင်းသားလက်မှတ်မှာ ၅၀ ခန့်ရှိနေသည်။
တက္ကသိုလ်က ထိုအချက်ကို သတိထားမိသွားပြီး မိမိတို့ ဒုတိယနှစ်ရောက်သည့်အခါ ပထမနှစ် ကျောင်းသားများ သည် ကထိက/ ပါမောက္ခရှေ့မှာတင် လက်မှတ်ကို ထိုးရလေသည်။ မိမိတို့ တတိယနှစ် ရောက်သည့် အခါ ဒုတိယနှစ်ကို စည်းမျဉ်းတင်းကြပ်၊ မိမိတို့ကျောင်းပြီးသွားသည့်အခါ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ကျောင်း သားများအားလုံးတို့ လက်မှတ်ထိုးအပြင် အခြားစည်းမျဉ်းအသစ်တို့ဖြင့် နေရရှာသည်။ ထို့ကြောင့် အချို့သော ကျောင်းသားများက မိမိတို့ အသုတ်ကို တက္ကသိုလ်ကို ဖျက်စီးခဲ့၍ စည်းမျဉ်းသစ်တိုးစေသည့်အဖွဲ့ဟု တီးတိုး ပြောကြသည်။ တီးတိုးပြော သည်ဖြစ်စေ ကျယ်လောင်စွာပြောသည်ဖြစ်စေ သူတို့ပြောသည့် အချက်မှာ လည်း ဟုတ်မှန်နေလေသည်။
မိမိမှာ အချို့ ဘာသာရပ်တို့အတွက် အတန်းမတက်သော်လည်း သူငယ်ချင်းများ ဖမ်းယူလာပေးသော အသံဖိုင်များကို နားထောင်ခြင်း၊ သူတို့သင်ကြားသည့် ဘာသာရပ်နှင့်ပ တ်သက်၍ စာကြည့်တိုက်မှ စာအုပ်များ ငှားရန်း၍ ဖတ်ခြင်း၊ ရှေ့ ကျောင်းသားဟောင်းကြီးများမှတ်သားထားသော မှတ်စု၊ တော့ပစ်များကို မှတ်ခြင်း၊ ဖတ်ခြင်းတို့ကို ပြုလုပ်သည်။ ပြည်ပတက္ကသိုလ်တို့တွင် သင်ရိုးစာအုပ်မရှိပါ၊ သင်ကြားမည့်ဘာသာရပ်သာရှိပြီး ထိုဘာသာအတွက် တက္ကသိုလ်မှ ဖတ်ရန် မှတ်ချက်ပြုထားသော စာအုပ်များတော့ ရှိသည်၊ ထို ဘာသာရပ်တို့ကို အင်တာနက်၊ စာကြည့်တိုက်တို့မှ စာများရှာပြီး ဖတ်ရှူ့ နိုင်ပြီး မိမိတို့အတွေးအခေါ်ဖြင့် ဖြေနိုင်လျှင် စာမေးပွဲတွင် အမှတ်မှာ ပိုမိုကောင်းမွန်လေသည်၊ တစ်ချို့ ဆရာတို့ဆိုလျှင် မိမိသင်ကြားပေးလိုက်သော အကြောင်း အရာအတိုင်း စာမေးပွဲတွင် ဖြေဆိုလျှင် အမှတ် မပေးပါ၊ အကြောင်းမှာ ကျောင်းသားတို့၏ ကိုယ်ပိုင် အတွေးအခေါ်တို့နှင့် ကိုယ်ပို်င်အရေးအသားများကို မတွေ့ ရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မိမိအတန်း ပျက်ခြင်းသည် မိမိစာမေးပွဲအတွက် အကျိုးသက်ရောက်မှု သိပ်မဖြစ်ပါ။ အတန်းမတတ်ခြင်းကလည်း တနည်း အားဖြင့် စာကြည့်ချိန်လည်း ပိုရလေသည်။ တက္ကသိုလ်ကို အသွားအပြန်ဆိုလျှင် ကားပေါ်တွင် ပျမ်းမျှ (၄) နာရီကြာသည်၊ ကျောင်းမှာနေလျှင် အနဲဆုံး ၂ နာရီတော့ စာကြည့်ဖြစ်သည်။ ထိုသို့ စာကြည့်ဖြစ်ခြင်းက မိမိသည် ခပ်ပေပေနေသော်လည်း စာမေးပွဲအမှတ်မှာ သိပ်မနဲလှပါ။
မိမိပေပုံလေးကိုတော့ သတိရမိသည်။ မိမိမှာ ဗီဒီယိုကြည့်ရာတွင် ဝါသနာအတော်ကြီးလေသည်၊ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင်နေစဉ် ကျောင်းတိုက်မှ ခွင့်မပြုသော်လည်း ဗီဒီယို ခိုးကြည့်သည်၊ တစ်ကားကို ၂-ကျပ်ပေးရသည်။ ၂ ကျပ်ပင်ပေးရသော်လည်း ပိုက်ဆံမရှိသော ကြောင့် နေ့စဉ်မကြည့်နိုင်ခဲ့ပါ၊ ယခုအခါ လို ဆက်တလိုက်မှ လိုင်းကောင်းများကို တစ်ဝကြီးကြည့်လို့ရသည်၊ ဗီဒီယိုရုံတွင် တစ်ကားသာ ကြည့်ရသည်။ ယခုအခါ ကြိုက်သလောက်ကြည့်နိုင်သည်။ စာကြည့်သည့်အချိန်တွင် ကျန်းမာရေးအတွက် ၁၂ နာရီ မကျော်ခဲ့ သော်လည်း တီဗီရှေ့တွင်ကား ညလုံးပေါက်သွားသည့် ရက်လည်း မနည်းပေ။
မိမိ၏ ဗီဒီယို ဝါသနာ၏ သင်္ကေတဖြစ်သော ဗီဒီယိုကြည့်မိပုံကတော့ မေ့မရပါ။တက္ကသိုလ် နောက်ဆုံးနှစ် Final စာမေးပွဲဖြေနေချိန်တွင် သူငယ်ချင်းတစ်ပါးမှာ Prison Break ဇာတ်ကားတွဲ ကြည့် နေသည်။ ထိုဇာတ်ကားမှာ ထွက်သည်မှာ မကြာသေးပေ၊ ခဏရပ်ကြည့်လိုက်သည်၊ ဇာတ်ကားမှာ တော်တော် စိတ်ဝင်စားစရာ ကောင်း သည်။ ၂/၃ ပိုင်းပြီးသည့်အခါ
သူငယ်ချင်းမှ “ ဦးနေမိန် မနက်ဖြန် စာမေးပွဲရှိတယ်လေ၊ တော်ကြစို့”။
မိမိက “ ခဏလေး….ဒီတစ်ပိုင်းလေးတင်” ဟုဆိုကာ ဆက်ကြည့်နေမိသည်၊ ည ၁၂ နာရီကျော်သွားသည့်အခါ သူငယ်ချင်းမှာ အိပ်သွားသည်၊ မိမိက “ဒီတစ်ပိုင်း လေးတင်” ဆိုပြီး ဆက်ကြည့်နေသည်၊ မင်းသားကလည်း ထောင်ဖောက်ပြေးမည့်အရေး မဖောက်နိုင်သေး၊ ထောင်ဖောက်နိုး ဖောက်နိုးနှင့် ဆက်ကြည့်နေမိလိုက်ရာ မနက်မိုးလင်းသွားသည်။ အဲဒီအခါကျမှ သတိထားမိပြီး “ ဟာ…ငါ….စာမေးပွဲရှိသေးတယ်ဟ” ဆိုပြီး ကွန်ပျူတာ ပိတ်ပြီး အိပ်ရန်လုပ်သည်။ အိပ်လျှင် တစ်နာရီ နီးပါးတော့ ရသေးသည်။ အိပ်သာအိပ်သော်လည်း အိပ်ပျော်သွား မှာကိုတော့ ကြောက်နေသည်။ စိတ်ထဲတွင်လည်း ထောင်ဖောက်မည့်အရေး တော်တော်နှင့် ထောင် မဖောက်သေးသော ထိုမင်းသားကို စိတ်ဆိုးနေလေသည်။ သည်လိုနှင့် နာရီဝက်လောက်ကြာတော့ ထ၊ အရုဏ်ဆွမ်းစားပြီး သူငယ်ချင်းများနှင့် တက္ကသိုလ်ကို သွားသည်။ တက္ကသိုလ်ရောက်သည့်အခါ တစ်ညလုံး ဗီဒီယိုကြည့်ထားသည့်အရှိန်၊ အရုဏ်ဆွမ်း စားထားလို့ ဗိုက်ပြည့်သည့်အရှိန်တို့ကြောင့် မျက်လုံးတွေ စပ်ပြီး တအားအိပ်ချင်နေသည်။
ထို့ကြောင့် စာမေးပွဲခန်းမ အဝင်ဝရှိ ထိုင်ခုံပေါ်တွင် ထိုင်ရင်း “ တပည့်တော် အိပ်ချင်လို့ အိပ်လိုက်အုံးမယ်၊ စာမေးပွဲ အခန်းထဲဝင်ရင် နှိုးပါအုံး” ဟု ပြောပြီး ထိုင်လျက် အိပ်သည်၊ သူငယ်ချင်းက မနှိုးပဲ ထွက်သွားမှာ စိုးသောကြောင့် သူ့လက်နှင့် ကိုယ့်လက် လွယ်အိပ်ဖြင့် တွဲချည်ထားသည်။ စက်ရုပ်ကို ဘက်ထရီဖြုတ်ထားသလို ကို ဘာမှန်းမသိအောင်ကို အိပ်ပျော်သွားသည်။ သူငယ်ချင်းက “ ဦးဇင်း ထတော့…သူများတွေ အခန်းထဲ ဝင်ကုန်ကြပြီ” ဟုဆိုကာ နှိုးသည့်အချိန်တွင် ၄၅ မိနစ်လောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ရသည်။ လူမှာလည်း လန်းဆန်းသွားသည်၊ အားအင်တွေ ပြည့်သွားသည်။ စာမေးပွဲ အခန်းထဲလှန်းကြည့်လိုက်သည့်အခါ “ဟုတ်ပါသည်” စာဖြေမည့် ကျောင်းသား ထက်ဝက်ကျော်ကျော် နေရာယူပြီးနေကြပြီ။
မိမိလည်း မိမိစားပွဲခုံနံပါတ်ကို သွားပြီး ထိုင်ကာ ထိုဘာသာရပ်ကို ဖြေဆိုခဲ့သည်၊ ထိုဘာသာသည် မိမိဝါသနာပါသည့် ဘာသာဖြစ်သည်က တစ်ကြောင်း၊ အိပ်ရေးဝသည်က တစ်ကြောင်း အတော်ကို ဖြေကောင်း ခဲ့သည်။ ဘာပဲပြောပြော စာမေးပွဲဖြေဆိုနိုင်သောကြောင့် ဗီဒီယို ညလုံးပေါက် ကြည့်ရတာ အမြတ်ပဲဟု ဆုံးဖြတ်လိုက်သည်။
Result ထွက်သည့်အခါ ထိုဘာသာမှာ မိမိသည် “A” ရသည်။ နောက် တက္ကသိုလ်မှ သီးသန့်ဖုန်းဆက်သောကြောင့် သွားလိုက်ရာ မိမိမှာ ထိုဘာသာရပ်အတွက် တက္ကသိုလ်တစ်ခုလုံးတွင် အမှတ် အများ ဆုံးဖြစ်သောကြောင့် “ရွှေတံဆိပ်” ဟုခေါ်သော “ The best Result” ဆုကို ရရှိလေသည်။ ထိုအချိန်တွင် Prison Break မင်းသားကို ကျေးဇူးများ တင်မိနေသည်။ သို့သော်လည်း နောက်နောင် ထိုကဲ့သို့ မပေတော့ပါဟု ထိုအချိန်တွင် စိတ်ထဲ လျော့ရဲရဲလေး ဆုံးဖြတ်တော့ ထားလေသည်။
(သီရိလင်္ကာပညာသင်ခရီးမှ အမေရိက ပညာသင်ခရီးအထိ အတွေ့အကြုံများကို အခန်းဆက်များဖြင့် ပြန်လည်မျှဝေပေးပါမည်)
ပညာတော်သင်ခရီး အပိုင်း (၁၃)
ဆင်းရဲခြင်းသုခ
သီရိလင်္ကာတွင် အစားအသောက် ဆင်းရဲသည်။ “အစားအသောက်ဆင်းရဲ” ဟူရာ၌ အစားအသောက် မရှိခြင်းကို မဆိုလိုပါ၊ မိမိတို့နှင့် အဆင်ပြေသည့်အစားအစာ မပေါများခြင်းကို ဆိုလိုသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံမှ ငါးပိကြော်၊ ချဉ်ပေါင်ကြော်ကဲ့သို့ အစားအသောက်များရောက်လာလျှင် သူငယ်ချင်းများကို ဖုန်းဆက်ပြီး ကျောင်းပိတ်ရက်တွင် လူစုသည်၊ ထိုဟင်းကို အလယ်မှာထားပြီး အိနြေ္ဒတစ်ဝက် အလုတစ်ဝက်နှင့် စားရသည်။ မိမိရဟန်းဒကာကြီးတို့အဖွဲ့ ကိုလံဘိုရှိ မြန်မာကျောင်းကို အရုဏ် မုန့်တီဆွမ်း လာကပ်တုံးက ဆွမ်းစားကြွလာ သော အချို့  သံဃာများကို မိမိက “ ဦးဇင်း ဒီနေ့ စောစော ထလို့ပါလား” မေးရာ “ စောစောထတာ မဟုတ်ဘူး၊ မအိပ်ရသေးတာ၊ အိပ်ရင် မနိုးမှာစိုးလို့ မအိပ်ပဲ စောင့်နေတာ” ဟု ပြန်ဖြေလေသည်။
သီရိလင်္ကာတွင် အများစုမှာ အသားမစားကြ၊ တချို့ မိသားစုများသည် ငါးကိုတော့ စားကြသည်၊ ကြက်သား ဝက်သားစားသူမှာ အတော်ပင် နည်းလေသည်။ မိမိရောက်စက အတန်းထဲတွင် ဝက်သားဖြင့် ဆွမ်းစားခဲ့သည်ဟု ပြောမိရာ ဆရာရော၊ ကျောင်းသူကျောင်းသားများရော ရေခဲချောင်းသည့်လူနား ကလေးများ ဝိုင်းလာသလို ဝိုင်းလာပြီး ဘုန်းကြီးတန်မဲ့နဲ့ ဝက်သားစားရလားဟု ပြောသောကြောင့် ငြင်းခုန်ပွဲ အသေးစားလေး ဖြစ်သွားဖူးသည်။( နောက်မှ အကျယ်တဝင့် ပြောပြပါမည်) ဘုန်းကြီးများ ကိုယ်တိုင် အသား ငါး ဝယ်လျှင် အတော်ကို မကြိုက်ပါ။ အဆိုးဆုံးမှာ ကြက်ဥ၊ ဘဲဥဝယ်လျှင် ဂျီဝ…ဂျီဝ…( ဇီဝ…ဇီဝ)ဆိုကာ သူ့အသက်ကို သတ်ဖြတ်စားသုံးသူဟု ပြောဆိုကြသည်။ မိမိတို့မရောက်မီ မြန်မာ ဘုန်းကြီးတစ်ပါး အသားဝယ်နေသည်ကို ဓာတ်ပုံရိုက်ပြီး သတင်းစာထဲ ထည့်ရေးဖူးကြောင်း စီနီယာကျောင်းသား များထံမှ မှတ်သားဖူးသည်။
မိမိမှာ သီရိလင်္ကာကျောင်းတွင် အနေများသောကြောင့် အသီးအရွက်၊ သစ်ဥသစ်ဖုပေါင်းများစွာကို စားရသည်။ အသီးအရွက်တို့ကို ချက်သော်လည် ဟင်းခတ်အမွေးအကြိုင် အလွန်အကျွံသုံးစွဲကြသည်။ ဆီမပါ ပျားမပါပဲ ချက်ထားသောကြောင့် အရသာမှာ မြန်မာဟင်းလျာများနှင့် မတူပါ။ အမှန်းအတိုင်း ပြောရလျှင် ဘာအရသာကြီးမှန်းကို မသိပါ၊ အရသာမကြိုက်သောကြောင့် များများ မစားဖြစ်၊ များများ မစားဖြစ်သောကြောင့် ကျန်းမာရေးအတွက် ကောင်းလှသည်။
မိမိ မဟာဂန္ဓာရုံတွင် နေထိုင်စဉ်လည်း အစားအသောက်ဆင်းရဲခဲ့သည်။ “ကံစမ်း မန်းတက်” ဆိုတဲ့အတိုင်း မန္တလေး ရောက်မှ မိမိကံကို သိရသည်၊ အမရပူရမြို့ ထဲသို့ ဆွမ်းခံကြွလျှင် ဆွမ်းဝအောင် မရသောကြောင့် အမရပူရမြို့ အနားရှိ ရွှေခဲ၊ မရမ်းခြံကဲ့သို့ ရွာများကို ဆွမ်းခံကြွရသည်။ ထိုရွာကလေးများမှာလည်း သာမန်ရွာ ကလေးများ ဖြစ်သောကြောင့် ကြွလာသော သံဃာထုကို ဆွမ်းရော ဟင်းရော မလောင်းနိုင်ရှာ။ အများ စုမှာ ဆွမ်းသာ လောင်းနိုင်ကြလေသည်။ တော်တော်လေး ပြေလည်သည့်အိမ်ကြမှ ဟင်းလေး နည်းနည်း လောင်းနိုင်လေသည်။ ထိုဟင်းမှာလည်း အမရပူရမြို့ ထွက် လက်ပံခေါင်းဟင်း သာဖြစ်သည်။ လက်ပံ ပွင့်ချိန်တွင် လက်ပံပွင့့် များကို ကောက်၊ အခြောက်လှန်းထားပြီး နောင်တွင် ခရမ်းသီးတို့ဖြင့် ရေလုံပြုတ်ချက်ပြီး သံဃာများကို လောင်းလှူလေ သည်။
မိမိ၏ သပိတ်ထဲတွင် လက်ပံခေါင်းသာ ရသည်။ နေ့တိုင်း လက်ပံခေါင်းဟင်းချည် စားရသောကြောင့် မိမိငယ်စဉ်က လက်ပံပင်ကို မုန်းသည်။ “ တစ်နေ့ ငါ….အရေးပါတဲ့သူများသာဖြစ်ကြည့်…..အမရပူရမြို့ မှာရှိတဲ့ လက်ပံပ င်တွေ အကုန် လှဲပြစ်မယ်” ဟုလည်း ကြိမ်းဝါးထားခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် ထိုလက်ပံပင်တို့ကို ကြည့်မဝအောင် ချစ်နေပါပြီ။ ထိုကဲသို့ ဆွမ်းကြမ်း ဟင်းကြမ်းတို့ကိုသာ စားခဲ့ရခြင်း၊ နာရီလောက်ကို ၃ မိုင်ကျော်ကျော် အပြေးသွားရခြင်းတို့ကြောင့် သံဃာများမှာ ကျန်းမရေးကောင်းကြသည်။ မိမိတို့ မဟာဂန္ဓာရုံကျောင်းတိုက်မှာ နေစဉ် ၃၀ ကျော် ၄၀ အရွယ်ရှိ သံဃာများ ဆီးချို၊ သွေးတိုးဖြစ်တာကို မကြားဖူးပါ။ သွေးတိုးဖို့နေနေသာသာ သွေးလည်ပတ်ဖို့်ပင် မနဲ့ စားနေရသောကြောင့် ဖြစ်သည်။ မြတ်စွာဘုရား ၏ ဆွမ်းခံကျင့်ဝတ်သည် မိမိသူတစ်ပါး နှစ်ဦးသားကို အကျိုးများစေသည်။
သီရိလင်္ကာတွင်လည်း ဈေးထဲတွင် အသီးအရွက်တို့ချည်းသာတွေ့ရသည်။ ဘာအရွက် ညာအရွက် မေးမနေ တော့ပဲ စားကောင်းလို့ ဈေးထဲမှာ လာရောင်းတာဟု သဘောပိုက်ထားကာ ဝယ်ယူစားသုံးရလေသည်။ အသီးအရွက်ချည်း စားနေရသောကြောင့် လူလည်း စိမ်းဖန့်ဖန့် ဖြစ်လာနေသည်ဟု ခံစားနေရသည်။ ထို့ကြောင့် တစ်လ တစ်ခါဖြစ်စေ၊ နှစ်ခါ ဖြစ်စေ နေရာအသီးသီးက သူငယ်ချင်းများ တစ်နေရာတွင် စုပြီး အသားဟင်း ဝယ်ချက်ကာ ဝိုင်းဖွဲ့ပြီး စားကြသည်။ ဆင်းရဲတုန်းကာလ အတူတူကျော်ဖြတ်ခဲ့ရသောကြောင့် အဆက်အသွယ် မရှိသော်လည်း သူငယ်ချင်းများကို မမေ့ကြပါ။
ထိုသို့ဆင်းရဲခဲ့ခြင်းသည် ကျန်းမာရေးကောင်းခြင်းဟူသော ချမ်းသာကို ပေးခဲ့သည်။ ယခုစာဖတ်သူတို့ တွေ့ကြုံနေရသော ဆင်းရဲခြင်းတို့ကို သည်းခံလိုက်ပါ၊ ထိုဆင်းရဲတို့က နောင်တစ်ချိန်တွင် မုချဧကန် ချမ်းသာကို ပေးမည်ဖြစ်သည်။ သို့သော် ယခုဆင်းရဲကြောင့် သင်ထွက်ပြေးပါလျှင် သင်သည် ရှုံးနိမ့်သူ ဖြစ်လိမ့်မည်။ ထွက်လည်းပြေးသေး၊ အောင်နိုင်သူလည်း ဖြစ်ချင်သေးဆိုတာကတော့ လောကထုံးစံ မဟုတ်ပါ။